လွန်ခဲ့တဲ့ ၅ နှစ်ခန့် စာရေးသူတို့ သူငယ်ချင်း သုံးယောက် ရန်ကုန်မှာ စုပြီး နေစဉ်က အခုလိုမျိုး လကုန်ရက် နီးလာပြီဆိုရင် လက်ထဲမှာ သုံးစရာ ပိုက်ဆံ မကျန်လောက်အောင် ဖြစ်သွားတတ်ပါတယ်။
အဲဒီလို ဖြစ်သွားပေမယ့် “သမုဒ္ဒရာ ဝမ်းတထွာ” ဆိုတဲ့အတိုင်း ဗိုက်ဆာတာကတော့ ငြိမ်မနေဘူးလေ။ ဒီတော့ လက်ထဲကျန်တဲ့ အကြွေလေးတွေ စုစုပြီး ဟင်းတမယ် မဖြစ်ဖြစ်အောင် ကြံဖန် ချက်ပြုတ်ရတော့တာပေါ့။
အဲဒါကြောင့် အကုန်အကျ မများတဲ့ ဘတ်ဂျက်ဟင်းတွေထဲက ဟင်းအမယ် တမျိုးဖြစ်တဲ့ “ကြက်အူဆီပြန်ဟင်း” ချက်နည်းကို ဖော်ပြလိုက်ပါတယ်။
ပထမဦးဆုံး အရေးကြီးတာက ကြက်အူ များများရအောင် ဝယ်တတ်ဖို့ပါ။ ကြက်အူက အစိမ်းအတိုင်း ကြည့်ရင် အများကြီးလို့ ထင်ရပေမယ့် တကယ် ချက်လိုက်တဲ့အခါ ကျုံ့သွားမယ်ဆိုရင် မိသားစု တစု စားလောက်မှာ မဟုတ်တော့ပါဘူး။ ကြက်အူ ၅၀၀ ဖိုးကို ဈေးသည်ဆီက အညစ်အကြေး သန့်စင်ပြီးသား ဝယ်ရင် နည်းနည်းပဲ ရပါတယ်။
မကိုင်ရသေးတာ ဝယ်ရင် များများလည်း ရနိုင်ပြီး ကိုယ်တိုင် ကိုင်ရတဲ့အတွက် သန့်ရှင်းမှုကလည်း ပိုစိတ်ချ ရပါတယ်။ အနံ့အသက် မခံနိုင်ရင်တော့ လက်အိတ်၊ နှာခေါင်းစီးတို့နဲ့ ကြက်အူကို ကိုင်တွယ်သင့်ပါတယ်။

ကြက်အူ ကိုင်တွယ်ဖို့ ကတ်ကြေး ထက်ထက်တလက် နဲ့ အနံ့အသက် ပျောက်အောင်ဆေးဖို့ မန်ကျည်းသီးမှည့် တော်ရုံ လိုအပ်ပါတယ်။ ကြက်အူကို ကတ်ကြေးအချွန်နဲ့ ထိုးခွဲပြီး အထဲက အညစ်အကြေးတွေကို ထုတ်ပစ်ပါ။ ပြီးနောက် ရေကို ၃ ကြိမ်ခန့် ဆေးပါ။ ရေဆေးပြီး ကြက်အူကို အမြှောင်းလိုက် ကိုင်ကာ မန်ကျည်းသီးနဲ့ နာနာ နယ်ပါ။ မန်ကျည်းသီးနဲ့ နယ်ပြီး ရေ ၃ ကြိမ်ခန့် ပြန်ဆေးပါ။ ဒါဆိုရင် ဈေးသည်ဆီက ယူလာတဲ့ ကြက်အူတွေနဲ့ မတူတော့ဘဲ အညစ်အကြေး ကင်းစင်တဲ့ ကြက်အူတွေအဖြစ် ရပါပြီ။
ကြက်အူရဲ့ ထိပ်ပိုင်းနားမှာ အဆီစုနေတဲ့ အရေခွံတွေရှိပါတယ်။ အဲဒီ အဆီဖတ်တွေကို ရေအနည်းငယ်နဲ့ ရောပြီး ခဏ ပြုတ်လိုက်ရင် ကြက်ဆီတွေ ထွက်လာပါလိမ့်မယ်။ အဲဒီ အဆီတွေနဲ့ပဲ ကြက်အူဆီပြန်ဟင်းကို ပြန်ချက်လို့ ရပါတယ်။ ဒါက စာရေးသူတို့ လက်ထဲရှိတဲ့ ငွေအနည်းငယ်နဲ့ ချက်တာဖြစ်လို့ တခြား ဆီ ဝယ်မသုံး တော့တာပါ။
တခါတရံ ကျန်းမာရေးကို ဦးစားမပေးဘဲ ဝမ်းရေး ဖြေရှင်းတဲ့နည်းပါ။ သင်က ကျန်းမာရေးကို အမြဲမပြတ် အထူး ဂရုစိုက် တတ်သူ ဆိုရင်တော့ ဒီလို တိရိစ္ဆာန်ဆီနဲ့ ချက်တဲ့ဟင်းကို မစားသင့်ပါဘူး။

ဆီဆူလာရင် ရောထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်း၊ အရောင်တင်မှုန့် တို့ကို ထည့်ပြီး အနံ့ မွှေးလာရင် ကြက်အူကို ထည့်ကာ အညှီနံ့တွေ ပျောက်တဲ့အထိ ဆီသတ်ပါ။ အနံ့ မွှေးလာရင် မဆလာ စတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ ထပ်ထည့်ပါ။ ပြီးနောက် ရေ တော်သင့်ရုံ ထည့်ပြီး နူးလာတဲ့ အထိ အဖုံး ပိတ်ထားလိုက်ပါ။
ဟင်းအိုး ချခါနီးမှ ပင်စိမ်း စတဲ့ အမွှေးအရွက် ခတ်လိုက်ရင် တန်ဖိုးသင့်ပြီး ငွေကျပ် ၅၀၀ စွန်းစွန်းနဲ့ ချက်ပြုတ်နိုင်တဲ့ “ကြက်အူဆီပြန် ဟင်းတခွက်”ရပါပြီ။ ကြက်အူ ဆီပြန်ဟင်းကို တခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း ချက်ပြုတ်နိုင်ပြီး ယခုဖော်ပြချက်က စာရေးသူကိုယ်တိုင် ကုန်ကျစရိတ် နည်းနည်းနဲ့ အမြန်ချက်ပြုတ်ထားတဲ့ နည်းလမ်းပါ။

ဘယ်လိုပဲချက်ချက် ကြက်အူကိုသာ အညစ်အကြေး၊ အနံ့အသက်ကင်းအောင် ကိုင်တွယ်နိုင်ရင် တန်ဖိုးနည်းပြီး ထမင်းစား မြိန်တဲ့ “ကြက်အူဟင်းကောင်း”တခွက် ရရှိမှာ အသေချာပါပဲ။