“ယိုးဒယား သင်္ဘောသီးထောင်း”ဆိုတာ မြန်မာလူမျိုးအများစု အသည်းစွဲ နှစ်ခြိုက်ကြတဲ့ ထိုင်းအစားအစာ တမျိုးပါ။ အခု နောက်ပိုင်းမှာ သင်္ဘောသီးထောင်း တမျိုးထဲ မဟုတ်ဘဲ “ယိုးဒယား ပြောင်းဖူးထောင်း၊ ယိုးဒယား မုန်လာဥနီထောင်း” တွေကိုပါ စားလာကြပါတယ်။
ဒါပေမယ့် ထိုင်းက ပုံစံအတိုင်း အပြင်အဆင်ကော အရသာပါ ထိုင်းအရသာစစ်စစ် ရနိုင်တဲ့ဆိုင် နည်းနေပါ သေးတယ်။ နေပြည်တော်မှာဆို မရှိသလောက် ရှားပါတယ်။ အခု မိတ်ဆက်ပေးမယ့် “Pern Coffee & Cha Thai ” ဆိုင်က ဒီလို အထောင်းမျိုးစုံကို ထိုင်းက အပြင်အဆင်ကော အရသာပါ ထိုင်းအရသာစစ်စစ် စားနိုင်အောင် ရောင်းချပေးနေတာပါ။
အစားအသောက်တွေမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်း အများစုကအစ ထိုင်းက တင်သွင်းတာဖြစ်ပြီး စားဖိုမှူးကလည်း ထိုင်းကနေ သီးသန့် ခေါ်ယူထားတယ်လို့ သိရပါတယ်။
ဆိုင်ရဲ့ တည်နေရာက နေပြည်တော် “Capital Hypermarket” အထဲက ဧရာဝတီဘဏ် နံဘေးမှာ တည်ရှိတာပါ။ ဆိုင်မှာ ထိုင်စားဖို့ မဟုတ်ဘဲ Take Away ကို ဦးစားပေးရောင်းချမယ်လို့ စီစဉ်ထားတာကြောင့် ဆိုင်ရဲ့ အပြင်အဆင်က အနည်းငယ် ကျဉ်းပါတယ်။ ဒါပေမယ့် ဆိုင်မှာ ထိုင်စားတဲ့သူ များလာတာကြောင့် သက်သောင့်သက်သာ ထိုင်စားနိုင်အောင် ပြင်ဆင် ပေးထားတာ တွေ့ရပါတယ်။
အဲဒီဆိုင်ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး အစားအသောက် အချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“အယုဒ္ဓယ ထောင်း”
“ယိုးဒယား သင်္ဘောသီးထောင်း”ကို အဲဒီလို နာမည်ပေးထားတာဖြစ်ပြီး ဒီဆိုင်ရဲ့ အဓိက အရောင်းရဆုံး အစားအသောက်လည်း ဖြစ်ပါတယ်။ အပြင်အဆင်ကို ကြည့်လိုက်ရုံနဲ့ ယိုးဒယားပုံစံစစ်စစ် ဆိုတာ သိနိုင်ပါတယ်။
အလယ်အလတ် အရွယ်ရှိ ဗန်းတခုရဲ့ အလယ်မှာ သင်္ဘောသီးထောင်းကို ထည့်ထားပါတယ်။ ဘေးပတ်ပတ် လည်မှာ ဝက်ခေါက်ကြော်၊ ပြောင်းဖူးနဲ့ ပြန်ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း၊ ဘဲဥပြုတ်၊ မုန့်တီဖတ်၊ ဆလပ်ရွက်၊ ဂေါ်ဖီရွက်တို့ ထည့်ထားပါတယ်။စားရေးသူတို့ သင်္ဘောသီးထောင်း စားတဲ့အခါ နှမြောလေ့ရှိတာက ကျန်ခဲ့တဲ့ အရသာ အရည်တွေပါ။ သောက်လိုက် ရမှာလည်း မဝံ့မရဲဖြစ်လေ့ ရှိပါတယ်။
ဒီသင်္ဘောသီးထောင်းရဲ့ အပြင်အဆင်က အဲဒီပြဿနာကို ဖြေရှင်းပေးထား သလိုပါပဲ။ ကျန်တဲ့အရည်တွေက ဘေးမှာ ပြင်ဆင်ထားတဲ့ အစားတွေအထဲကို စိမ့်ဝင်သွား ပါတယ်။ အကြိုက်ဆုံးကတော့ ယိုးဒယား သင်္ဘောသီးထောင်း အရသာအရည် စိမ့်ဝင်နေတဲ့ ကောက်ညှင်းပေါင်းပါ။ တကယ့်ကို ယိုးဒယား အရသာစစ်စစ်ကို ခံစားမိစေမှာဖြစ်ပြီး တပွဲကို ကျပ် ၃၀၀၀ ကျသင့်ပါတယ်။
“ယိုးဒယား မုန့်တီထောင်း”
“မုန်လာဥနီ၊ ခရမ်းအချိုသီး၊ ပဲသီး” စတဲ့ အသီးအနှံတွေကို မုန့်တီဖတ်နဲ့ ရောထောင်းထားတာပါ။ မုန့်တီသုတ်၊ ရခိုင်သုတ်ကို ကြိုက်လေ့ရှိသူတွေ အတွက်တော့ ဒီအစားအစာက သဘောကျစေမှာဖြစ်ပြီး တပွဲကို ၁၂၀၀ ကျပ် ကျသင့်ပါတယ်။ မုန့်တီဖတ်ကို ထိုင်းငပိစစ်စစ်နဲ့ ပြန်သုတ် ထားသလိုမျိုးဖြစ်ပြီး မြန်မာလူမျိုးတွေရဲ့ ခံတွင်းနဲ့ ကိုက်ညီအောင် ထိုင်းငပိကို အနည်းငယ်ပြန်လည် ပြင်ဆင်ပေးထားတယ်လို့ အဲဒီဆိုုင်ရဲ့ စားဖိုမှူးက ရှင်းပြပါတယ်။
“ယိုးဒယား သီးစုံထောင်း”
“နာနတ်သီး၊ ပန်းသီး၊ သစ်တော်သီး” စတဲ့ အသီး ၉ မျိုးခန့်ကို ထိုင်းငံပြာရည်နဲ့ ထောင်းထားတာပါ။ အသီးတွေရဲ့ သဘာဝအချိုကို ထိုင်းငံပြာရည်နဲ့ ပေါင်းစပ်ထားပြီး စားလိုက်ရင် သံပုရာ အနံံ့လေးက သင်းနေမှာပါ။ “ချို ၊ ချဉ် ၊ငံ” အရသာကို အတိအကျ ခံစားနိုင်ပြီး သူက တခြားအထောင်းတွေထက် အစပ်အနည်းငယ် ပေါ့ပါတယ်။
အသီးအနှံ ကြိုက်သူတွေနဲ့ ညစားမစားဘဲ ဝိတ်ချလိုသူတွေအတွက် ဒီအထောင်းက အသင့်တော်ဆုံးဖြစ်ပြီး ဈေးနှုန်းက တပွဲကို ၂၀၀၀ ကျပ်ပါ။
“ကြက်ပေါင်းကွေ့တီယိုနဲ့ ထိုင်း လက်ဖက်ရည်”
နူးအိနေတဲ့ ကြက်ပေါင်ကို ယိုးဒယား ကွေ့တီယိုနဲ့ တွဲဖက် စားရတာဖြစ်ပါတယ်။ ထူးခြားချက်က ကွေ့တီယို အရသာရဲ့ အချဉ် ၊ အစပ် အားလုံးကို ကိုယ့်စိတ်တိုင်းကျ ပြင်ဆင် စားသုံးနိုင်အောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ကြက်သားရဲ့ သဘာဝ အချိုဓာတ်နဲ့သာ ပြုလုပ်ထားတာဖြစ်ပြီး ဒီကွေ့တီယိုမှာ အချိုမှုန့် လုံးဝ မသုံးထားဘူးလို့ စားဖိုမှူးက ရှင်းပြ ပါတယ်။
ယိုးဒယား အထောင်းတွေရဲ့ ထုံးစံအတိုင်း အစပ်များတဲ့အတွက် တွဲဖက်စားဖို့ “Italy Cofee အစစ်၊ ထိုင်း လက်ဖက်ရည်၊ ရေခဲကိတ်၊ Mini Pizza၊ ဒူးရင်းခေါင်းအုံး” စတဲ့ မုန့်အချိုတွေကို တွဲရောင်းပေးတာလည်း တွေ့ရပါတယ်။ အဲဒီ အချိုတွေ ထဲမှာ စားရေးသူ သဘောအကျဆုံးက “Cha Thai” လို့ ခေါ်တဲ့ ထိုင်း လက်ဖက်ရည်စစ်စစ်ပါ။ တဘူးကို ဈေးနှုန်း ၁၂၀၀ ကျပ်သာ ဖြစ်ပြီး အချိုဓာတ် အများကြီး မဟုတ်ဘဲ ထိုင်း လက်ဖက်ခြောက်ရဲ့ အချိုအရသာစစ်စစ်ကို သောက်သုံးရမှာပါ။
ဆိုင်ရှင်တွေက ဆရာဝန်တွေ ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ညီအောင် သန့်ရှင်းမှုကို ဦးစားပေးထားတာ တွေ့ရပါတယ်။ ထိုင်း အရသာစစ်စစ် “အချို၊ အချဉ်၊ အငံ၊ အစပ်” အထောင်းမျိုးစုံကို ပုံမှန်စားနေကျ အရသာတွေနဲ့ ကွဲထွက်ပြီး စားလိုသူတွေ အတွက် ဒီဆိုင်က ကွက်တိဖြစ်နေမှာပါ။
ဆိုင်လိပ်စာ – “Pern Coffee & Cha Thai ”
Capital Hypermarket အတွင်း၊ ဧရာဝတီဘဏ် အနီး၊ နေပြည်တော်။