မနက်အိပ်ရာနိုးလို့ ရေခဲသေတ္တာထဲ ကြည့်လိုက်ရင် ချောကလက်ကိတ်လေး မြင်ရလို့ ဝမ်းသာပီတိ ဖြစ်တဲ့သူ ရှိလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ ချောကလက်ကိတ်ကို မနက်စာအဖြစ် စားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြထားတဲ့ စစ်တမ်းတရပ် ထွက်လာလို့ပါ။
အမေရိကန်တက္ကသိုလ်တခုရဲ့ စစ်တမ်းအရ မနက်စာကို ချောကလက်ကိတ် စားမယ်ဆိုရင် ဦးနှောက်အတွက် အကျိုးအာနိသင် ထူးစေပါတယ်တဲ့။ ပုံမှန်စားမယ်ဆိုရင် မှတ်ဉာဏ်ပိုကောင်းလာပြီး စဉ်းစားတွေးခေါ်မှု မြင့်တက် စေပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) က Syracuse တက္ကသိုလ်ရဲ့ လေ့လာချက်အရ အသက် ၂၃ နှစ်ကနေ အသက် ၉၈ နှစ်အတွင်း လူပေါင်း ၉၆၈ ယောက်ကို မနက်စာ ချောကလက်ကိတ် ပုံမှန်စားသူနဲ့ မစားသူဆိုပြီး နှစ်ဖွဲ့ခွဲ လေ့လာခဲ့ရာမှာ အဆိုပါရလာဒ် ထွက်ပေါ်လာခဲ့တာပါ။
နောက်ထပ် Aviv တက္ကသိုလ်ရဲ့ ထွက်ပေါ်လာတဲ့ လေ့လာချက် ရလာဒ်က ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ချောကလက်ကိတ်ကို မနက်စာ ပုံမှန်စားသုံး ကြည့်တဲ့အခါ အရင်စစ်တမ်းမှာ ထွက်ပေါ်ခဲ့တဲ့ ရလာဒ်တွှေအတိုင်း ခံစားရတဲ့အပြင် ကိုယ်အလေးချိန်တောင် ကျစေပါတယ်။
ဘာလို့ ဒီလိုအကျိုး ရလာဒ်တွေ ထွက်လာခဲ့တာလဲ။ လူတယောက်ရဲ့ ကိုယ်ခန္ဓာက စားလိုက်တဲ့ မနက်စာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်လို့ပါ။ ချောကလက်ကိတ်ကို စားတဲ့အချိန်ကလည်း အရေးကြီးပါတယ်။ မနက် ၉ နာရီ နောက်ပိုင်းစားမယ်ဆိုရင် အဆီပိုတွေအဖြစ် ကိုယ်ခန္ဓာက စုသွားတတ်ပေမယ့် ၉ နာရီ မတိုင်ခင် စားရင်တော့ လိုအပ်တဲ့ စွမ်းအင်အဖြစ် အသုံးပြုလိုက်လို့ ကိုယ်အလေးချိန်တောင် လျော့ကျစေပါတယ်။
ချောကလက်မှာ အပင်တွေမှာတွေ့ရတဲ့ Antioxidant ဖြစ်တဲ့ Flavonoids ပါလို့ပါ။ ဒီဓာတ်ကို ချောကလက်လုပ်တဲ့ Cocoa စေ့မှာ အများဆုံးတွေ့ရပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီ Flavonoids ကို ဝိုင်နီမှာလည်း တွေ့ရလို့ အကျိုးကျေးဇူးခြင်း ဆင်တူတယ်လို့ ဆိုကြပါတယ်။
အရင်က ချောကလက်ကိတ် စားချင်ပေမယ့် ကိုယ်အလေးချိန် တက်မှာဆိုးပြီး မစားရဘဲ စိတ်ညစ်နေတယ်ဆိုရင် အခု စိတ်ညစ်နေစရာ မလိုတော့ပါဘူး။ မနက်စာအဖြစ် ချောကလက်ကိတ်ကို ပုံမှန်စားပေးရင် မှတ်ဉာဏ်စွမ်းရည်တောင် မြင့်တက်ပြီး ကိုယ်အလေးချိန်တောင် လျော့ကျသွားတယ်ဆိုတာ ဒီစစ်တမ်းက သက်သေပြလိုက်တာပါပဲ။ ဒါပေမယ့် မနက် ၉ နာရီ မတိုင်ခင် စားဖို့တော့ မမေ့ပါနဲ့နော်။
Ref: Shared