တိုင်းရင်းသားတွေက ထမင်းစားတဲ့အခါ ဆီနည်းနည်းသာ အသုံးပြုပြီး ဟင်းရဲ့ သဘာဝအရသာ ပေါ်လွင်အောင် ချက်ပြုတ် စားသောက်လေ့ ရှိပါတယ်။ သူတို့ အရပ်ဒေသမှာ မဟုတ်ဘဲ အခြားနယ် ရောက်သွားတဲ့အခါ ပထမဆုံး အခက်တွေ့ရတာက ကိုယ်ခံတွင်းမတွေ့တဲ့ အစားအသောက်တွေ စားရတာပါပဲ။
နေပြည်တော်ကို အလုပ်ကိစ္စကြောင့် အခြားနယ်က လာနေရတဲ့ တိုင်းရင်းသားအမတ်တွေ၊ တိုင်းရင်းသား ဝန်ထမ်းတွေ အများကြီး ရှိပါတယ်။ သူတို့တွေနဲ့ ဆီပြန်ဟင်းတွေ စားရတာ ရိုးအီနေတဲ့ သူတွေအတွက် နေပြည်တော်က “SKY Myanmar Traditional Restaurant” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဆိုင်မှာ မိုးကုတ်အစားအစာ အစုံ၊ တိုင်းရင်းသား ဟင်းလျာတွေနဲ့ တိုင်းရင်းသားဟင်းတွေပါတဲ့ ဇကောထမင်းကို အဓိက ရောင်းပါတယ်။ “ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ ကယားနဲ့ မွန်” ဟင်းလျာတွေကို ရောင်းချပြီး ဟင်းလျာအားလုံးက သူ့လူမျိုး အလိုက် စားလေ့ရှိတဲ့ ပုံစံအတိုင်း စနစ်တကျ ချက်ပြုတ်ထားတာပါ။
စာရေးသူ မြည်းစမ်းခဲ့တဲ့ အထဲက အကြိုက်ဆုံးနဲ့ ဆိုင်မှာ ရောင်းအားအကောင်းဆုံး ဟင်းလျာ ၅ မျိုး ကို မိတ်ဆက်ပေး လိုက်ပါတယ်။
ဇကောထမင်း
ဇကောထမင်းက အနည်းဆုံး ၂ ယောက်စာကနေ စပြီး ပြင်ဆင်ပေးပါတယ်။ အသားဟင်း ၄ မျိုး နဲ့ အသီးအရွက်ဟင်း ၆ မျိုးခန့် ပါဝင်တဲ့ ဒီလို ၂ ယောက်စာ ဇကောထမင်း တချပ်အတွက် ကျပ် ၁သောင်းကျသင့်မှာ ဖြစ်ပါတယ်။
ဇကောတချပ် အပေါ်မှာ ငှက်ပျောရွက် ခင်းထားပြီး အလယ်မှာ ထမင်းပုံ၊ ဘေးပတ်လည်မှာ တိုင်းရင်းသား ဟင်းလျာ ၁၀ မျိုးခန့်ကို ပုံပြီး သဘာဝကျကျ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ဓလေ့အတိုင်း လက်နဲ့ စားနိုင်အောင် လည်း ဆိုင်က လက်အိတ် ပြင်ဆင်ပေးထားပါသေးတယ်။
ဟင်းလျာတွေက တရက်နဲ့တရက် အပြောင်းအလဲ ရှိနိုင်ပြီး စာရေးသူ စားတဲ့နေ့ကတော့ ကြက်သား ပဲစိမ်းလုံးပေါင်း၊ ဝက်အစပ်ချက်၊ ရခိုင်ခရမ်းသီး လှော်နှပ်၊ မိုးကုတ် ဝဥ နဲ့ မုန်ညှင်းချဉ်သုပ်၊ ရှမ်းပဲပုတ် ငရုတ်သီးထောင်း စတဲ့ တိုင်းရင်းသား အငွေ့အသက် အပြည့်လွှမ်းနေတဲ့ ဟင်းလျာတွေ စားခဲ့ရပါတယ်။ ဆိုင်ကပြင်ဆင်ပေးတဲ့ ဟင်းတွေအပြင် ဗမာကြက်ကြော် စားချင်သေးရင်တော့ ကြက်ကြော်တခြမ်းကို ၅ ထောင်ကျပ် ထပ်ပေးရမှာပါ။
ဦးဝင်းထိန် စားနေကျ ဝက်မျှစ်ချဉ်
NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းထိန် အပါအဝင် ဆိုင်မှာ ထိုင်နေကျ ဧည့်သည် အများစုက ဟင်း Menu တွေ မကြည့်ခင် ဒီဝက်မျှစ်ချဉ်ဟင်းကို အရင်မှာလေ့ရှိကြတယ်လို့ ဆိုင်ရှင်ကပြောပါတယ်။
ဒီဟင်းရဲ့ အဓိက ထူးခြားချက်က မိုးကုတ်ဒေသထွက် မျှစ်ချဉ် စစ်စစ်ကို သုံးထာတာဖြစ်ပြီး အဲဒီမျှစ်ချဉ်က တခြား ဒေသထွက် မျှစ်တွေထက် ပိုနူးညံ့ပြီး အရသာချင်းလည်း ကွာခြားကြပါတယ်။
မျှစ်ချဉ်ရဲ့ သဘာဝ အချဉ်ဓာတ် အပျော့လေးနဲ့ ဝက်သားရဲ့ သဘာဝ အချိုအရသာ ၂ ခုကို အဓိက ပေါ်အောင် ချက်ထားတာဖြစ်ပြီး ဒီဟင်းမှာ ဆီသုံးထားတာ လုံးဝ မတွေ့ရပါဘူး။ တကယ့်ကို တိုင်းရင်းသားတွေ စားနေကျ ပုံစံအတိုင်း ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ နံနံပင်တို့နဲ့ အရောင်မပါဘဲ ချက်ထားတာပါ။ ၂ ယောက်စာ ထည့်ထားတဲ့ ဒီဟင်းတပွဲကို ၅ ထောင် ကျပ် ကျသင့်မှာပါ။
ကြက်သား လက်ဖက်နှပ်
ဒါက ကရင်တိုင်းရင်းသား အစားအစာ တမျိုးဖြစ်ပြီး ကရင်နှစ်သစ်ကူးနေ့က မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို အော်ဒါ ပို့ပေးခဲ့ရတဲ့ ဟင်းတမယ် ဖြစ်တယ်လို့ ဆိုင်ရှင်က ပြောပါတယ်။ မြန်မာကြက်ကို နူးမြည့်နေအောင် နှပ်ထားတဲ့အတွက် ကြက်ကရလာတဲ့ သဘာဝ အချိုနဲ့ လက်ဖက်ရဲ့ ခါးစိမ့်စိမ့်အရသာကို တွဲစားနိုင်မယ့် ဟင်းတမယ်ပါ။
နှပ်ပြီးသား လက်ဖက်နဲ့ ပြန်ချက်ထားတာကြောင့် လက်ဖက်မှာပါတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း အရသာကိုလည်း ဒီဟင်းထဲမှာ ခံစားမိမှာပါ။ ဒီဟင်းကလည်း ဆီ မပါသလောက်ဖြစ်ပြီး လက်ဖက်ရဲ့ သဘာဝ အရောင်အတိုင်း ဟင်းကို ချက်ထားတာပါ။
ဒီဟင်းပွဲက ဗမာကြက်နဲ့ ဆို တပွဲ ၆ ထောင်ကျပ် ဖြစ်ပြီး CP ကြက်နဲ့ဆို ၄ ထောင်ကျပ် ဖြစ်ပါတယ်။
တောဂျင်းထောင်း
ဒါက မိုးကုတ်ဒေသထွက် တောဂျင်းစစ်စစ်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ ထောင်းထားတာပါ။ အသားဟင်းတွေနဲ့ ထမင်းကြားမှာ အစပ်အဟပ် တည့်အောင် ထိန်းပေးထားတဲ့ ဟင်းတမျိုး ဆိုရင်လည်း မမှားဘူး။ အစပ် အရသာနဲ့ တောဂျင်းရဲ့ ပူရှိန်းရှိန်း အရသာ၊ အမွှေးနံ့ ခပ်ပြင်းပြင်းတို့က သင့်ကို ထမင်းစား ပိုမြိန်စေမှာပါ။
ထပ်တရာနဲ့ ဝက်သားချက်
ထပ်တရာသီးဆိုတာ မိုးကုတ်ဒေသထွက် ရှားပါးတဲ့ အသီးတမျိုး ဖြစ်ပါတယ်။ ဒီအသီးကို ဝက်သားလုံးတွေနဲ့ ရောချက်ထားတာ ဖြစ်ပါတယ်။ ဝက်သားရဲ့ အချိုအရသာကို ထပ်တရာသီးရဲ့ အနည်းငယ် ချွဲပြစ်တဲ့ ပုံစံနဲ့ ချက်ထားတာ ဖြစ်ပါတယ်။ အစပ်ဟင်းတွေကြားမှာ ဒီဟင်းရဲ့ ချိုစိမ့်စိမ့် အရသာလေးနဲ့ တွဲဖက်လိုက်ဖို့ သင့်ပါတယ်။
ထပ်တရာသီးက ပိန်းဥနဲ့ ခပ်ဆင်ဆင်ရှိပြီး ပိန်းဥလောက် ချွဲပြစ်ခြင်းတော့ မရှိပါဘူး။ အချိုအစိမ့်နဲ့ ချွဲပြစ်တဲ့ အရသာကို ငရုတ်ပွသီးရဲ့ အမွှေးနံ့လေးနဲ့ ထိန်းထားတဲ့ ဟင်းကလည်း သင့်ကို ဆွဲဆောင်နေဦးမှာပါ။ ဒီဟင်းကတော့ တပွဲကို ၆ ထောင် ကျပ်ပါ ။
ဟင်းအားလုံးလိုလိုက တိုင်းရင်းသားတွေ စားသလို အစပ်အနည်းငယ် ပိုထားပြီး သင်က အစပ် မကြိုက်တဲ့သူ ဆိုရင်တော့ ကြိုပြောထားဖို့ လိုပါမယ်။ ပုံမှန် စားနေကျကို ရိုးအီနေတဲ့သူတွေနဲ့ ကိုယ့်အရပ်ဒေသက အစားအသောက်ကို လွမ်းနေတဲ့ တိုင်းရင်းသားတွေဆိုရင်တော့ ဒီဆိုင်ကို တခေါက်လောက် သွားကြည့်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
မနက်စာအတွက်လည်း မိုးကုတ်ဒေသက စားလေ့ရှိတဲ့ မိုးကုတ်ထမင်းပေါင်း၊ မိုးကုတ်မြီးရှည် စတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးထားပါတယ်။ ဆိုင်အပြင်အဆင်ကလည်း အရိုးရှင်းဆုံး ဖွဲ့စည်းထားတာဖြစ်ပြီး သီးသန့်ခန်းတွေကို တိုင်းရင်းသား အမည်အစုံ ပေးထားတာပါ။
တိုင်းရင်းသားတွေအကြိုက် သဘာဝအတိုင်း ထရံကာ အခန်းတွေ ဖွဲ့စည်း ထားတာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းကောင်းနဲ့ သဘာဝအတိုင်း ထမင်းစားရတာမျိုးပါ။ ဆိုင်ဖွင့်ချိန်က မနက် ၆ နာရီခွဲကနေ ည ၉ နာရီခွဲ အထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာ – “SKY Myanmar Traditional Restaurant”
အမှတ် (S-003) ၊ ဂန္ဓမာ (၉) လမ်း၊ သပြေကုန်း ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။