မိုချီ (Mochi) ဆိုတာ နှစ်သစ်ကူး အခါသမယမှာ ဂျပန်လူမျိုးတွေ စားကြတဲ့ ရိုးရာမုန့် တမျိုးပါ။ ဆန်မှုန့်ကို ညက်နေအောင် ထောင်းထားတဲ့ ဒီမုန့်လေးကို အပြင်ပန်း ကြည့်ရင်တော့ ဘာအန္တရာယ်မှ မရှိဘူး ထင်ကြပါလိမ့်မယ်။
တကယ်တော့ နှစ်တိုင်း ဒီဆန်မုန့်လေး မိုချီစားပြီး သေဆုံးမှုတွေ ရှိနေလို့ နှစ်သစ်ကူးချိန်အတိုင်း တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်နေရဆဲပါ။ အရမ်း စေးကပ်လွန်းတဲ့ မုန့်မလို့ သေချာဝါး မစားရင် အထူးသဖြင့် ကလေးငယ်တွေနဲ့ လူကြီးတွေမှာ လေပြွန်ပိတ်သွားပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူးချိန်မှာ မိုချီမုန့်ကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၅ ဦး အရေးပေါ် ရောက်ခဲ့ရပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်အထိ မိုချီစားရင်း သေဆုံးသူ ၉ ဦးရှိသွားပြီလို့ သိရပါတယ်။
မိုချီကို စေးတဲ့ဆန်သုံးပြီး နူးညံ့လာတဲ့အထိ ပြင်ဆင် ချက်ပြုတ်လိုက်တဲ့အခါ ရလာတဲ့အနှစ်ကို အလုံးလေးတွေ လုံးလို့ ရတဲ့အထိ ပိုစေးကပ်သွားအောင် နာနာထောင်းပေး ရပြန်ပါတယ်။ နောက်ဆုံးမှာ စေးစေးလေးနဲ့ စားလို့ ကောင်းတဲ့ မိုချီဆန်လုံး မုန့်လေးတွေ ရပါပြီ။ မိုချီမှာလည်း စားမယ့်သူ အကြိုက်ပေါ် မူတည်ပြီး အရသာအမျိုးမျိုး လုပ်စားနိုင်ပါတယ်။ လက်ဖက်စိမ်း အရသာ၊ ရေခဲမုန့်နဲ့ တွဲစားမယ့်မိုချီ၊ ရေညှိ အရသာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။
မိုချီကြောင့် အရေးပေါ် ရောက်သွားကြတဲ့သူတွေ အများစုကို ကြည့်ရင် သေချာ ဝါးမစားပဲ အလျင်အမြန် မြိုချလိုက်တာ ကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ပြီး ဆေးရုံရောက်သွားကြတာလို့ ဂျပန်နိုင်ငံမီးသတ်ဌာနက သတိပေး ထားပါတယ်။ ဒါကြောင့် မိုချီ လုပ်စားမယ်ဆိုရင် အရွယ်အစား အကြီးတွေ မလုပ်ဘဲ တခါစား အရွယ်တော်လေးတွေ လုပ်ကြဖို့နဲ့ တကယ်လို့ မိုချီစားရင်း အသက်ရှူ ကြပ်သွားခဲ့ရင် ထုတ်ပြန်ထားတဲ့ အရေးပေါ်ကုသနည်းတွေ အတိုင်း အရင် လုပ်ဆောင် ထားသင့်တယ်လို့ ဆိုပါတယ်။
မိုချီရဲ့ မူလအစနိုင်ငံကို သေချာ မသိကြပေမယ့် တရုတ်နိုင်ငံက အစပြုခဲ့တာလို့ ခန့်မှန်းကြပါတယ်။ ၁၀ ရာစုနှစ်လောက် မှာ တရုတ်နိုင်ငံရဲ့ ဘာသာရေးနဲ့ဆိုင်တဲ့အခမ်းအနားတွေမှာ မိုချီမုန့်နဲ့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံကိုတော့ (အေဒီ ၇၉၄ – ၁၁၈၅) ဂျပန်နိုင်ငံရဲ့ Heian ကာလမှာ အစပြုခဲ့တယ်လို့ ဆိုပါတယ်။
မိုချီဟာ မူလ မိုဆု (Motsu) ဆိုတဲ့ စကားလုံးက ဆင်းသက်လာပြီး လက်ဝယ်ပိုင်ဆိုင်မှုကို ရည်ညွှန်းပါတယ်။ လပြည့်လို့ အဓိပ္ပာယ်ရတဲ့ မိုချီဇူကီ (Mochizuki) ကလည်း ဆင်းသက်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ဆာမူရိုင်း (Samurai) သူရဲကောင်းတွေဟာ အလွယ်တကူလုပ်နိုင်ပြီး သယ်ရလွယ်တဲ့ မိုချီမုန့် တွေကို ခရီးထွက်တဲ့အခါ ယူသွားလေ့ရှိပါတယ်။
Ref: The Culture Trip