Food

အချိန်နာရီဝက်နဲ့ လွယ်လွယ်ကူကူ “ကြက်သားမှိုဟင်း" ချက်ကြမယ်

ကြက်သားဆို ကြော်မယ်၊ ဆီပြန်ဟင်း ချက်စားမယ် ဆိုတာတွေနဲ့ပဲ ရိုးအီလာပြီဆိုရင် အရသာ ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းမယ့် “ကြက်သားမှိုဟင်း ချက်နည်း” ပြောပြချင်ပါတယ်။ ပြင်ဆင်ချက်ပြုတ်ချိန် နာရီဝက်လောက် လိုတာမို့ အချိန်ကုန်သက်သာစေမယ့် ဟင်းတခွက်ပါ။

အရသာ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ “ကြက်သားမှိုဟင်း”

ပါဝင်ပစ္စည်းတွေက–
ထောပတ် – စားပွဲတင်ဇွန်း ၃ ဇွန်း
ဟင်းချက်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သား – ၁ ကီလို (ကြက်ပေါင်)
ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်ရိုးပြုတ်ရည် – ၁ ခွက်
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
မှို – ၁ ခွက် (အစိမ်းဝယ်လို့ မရရင် စည်သွပ်ဘူးလည်း သုံးနိုင်ပါတယ်)
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးပြီဆို စတင်ချက်လို့ရပါပြီ။

အရင်ဆုံး ထောပတ်တုံးကို အပူပေးပြီး အရည်ဖျော်လိုက်ပါ။ ပြီးရင် ဟင်းရွက်ဆီ အနည်းငယ် ထပ်ထည့်ပြီး အနေတော် တုံးထားတဲ့ ကြက်သားတွေကို အညိုရောင် သမ်းတဲ့အထိ ကြော်ရပါမယ်။ ကြော်ပြီးပြီဆို ပန်းကန်ထဲ ခဏ ထည့်ထားပါ။

ကြက်သား ကြော်ထားတဲ့ ဆီနဲ့ပဲ ဂျုံမှုန့်နဲ့ ထောပတ်ကို သမသွားတဲ့ထိ မွှေပေးရပါမယ်။ ပြီးရင် ကြက်ရိုး ပြုတ်ရည် ဒါမှမဟုတ် ရေအနည်းငယ်၊ ပဲငံပြာရည်ထည့်ပြီး ပွက်ပွက် ဆူလာတဲ့အထိ ၅ မိနစ်လောက် တည်ပေးပါ။

၅ မိနစ်လောက်ကြာရင် ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲ ကြက်သားကြော်ရယ်၊ မှိုရယ် ရောထည့်ပြီး အရသာ ပိုကောင်း သွားအောင် ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပေးရပါမယ်။ ၁၀ မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ထားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ အရသာ တမူထူးခြားတဲ့ ကြက်သား မှိုဟင်းတခွက်ကို သုံးဆောင်နိုင်ပါပြီ။

Ref : Yummy

Loading