အစားအစာတွေ စားနေရင်း ရခိုင်ပြည်နယ်ထဲက ပင်လယ်တခုခုကို ရောက်သွားသလို ခံစားရမယ့် နေပြည်တော်က ပင်လယ်စာ စားသောက်ဆိုင် တဆိုင်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဆိုင်မှာ ပင်လယ်စာ ကြိုက်သူတွေ အတွက် မရတဲ့ ပင်လယ်စာ ဆိုတာ မရှိသလောက် ဖြစ်ပြီး ဒါတွေနဲ့ တွဲဖက်စားဖို့ လှော်စာ ၊ အုန်းစိမ်းရေတို့ကိုပါ ရောင်းပေးပါသေးတယ်။
“သဟဇာတ” ပင်လယ်စာ စားသောက်ဆိုင်က အမှတ်(၁) စစ်မှုထမ်းဟောင်းဆိုင်ခန်းတွဲ၊ ပန်းခင်းလမ်း၊ ပျဉ်းမနားမြို့မှာ တည်ရှိပါတယ်။ ရခိုင်လူမျိုးစစ်စစ်တွေ ဖွင့်လှစ်ထားတာဖြစ်ပြီး ရခိုင်မုန့်တီကို ငါးရွှေအစစ်နဲ့ ချက်ပေးနိုင်တာ၊ ကျောက်ငါး၊ ပလာတူး ဆလပ်ထုတ်၊ ဂုံးယောက်မပေါင်း၊ ကင်းပုဇွန် စတဲ့ ဟင်းလျာတွေ ရောင်းပေးနိုင်တာက ဒီဆိုင်ရဲ့ ထူးခြားချက်ပါ။
ပင်လယ်စာတွေအားလုံး လတ်လတ်ဆတ်ဆတ် ရှိအောင် ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မြို့တို့ကနေ စိတ်ချရတဲ့ ပင်လယ်စာ အရောင်းဒိုင်တွေဆီက မှာတယ်လု့ိ ဆိုင်ရှင်က ပြောပါတယ်။ ဆိုင်ခန်း အပြင်အဆင်ကတော့ အနည်းငယ်ကျဉ်းပါတယ်။ ရခိုင်မိသားစု တစုက အခုလိုမျိုး နေပြည်တော်လို နေရာမျျိုး တနယ်တကျေးမှာ လာပြီး စားသောက်ဆိုင် ဖွင့်ထားတာလို့ သိရပါတယ်။
ဆိုင်ခန်း အပြင်အဆင်အရ အနည်းငယ်ကျဉ်းတယ်လို့ ခံစားရပေမယ့် ဖြစ်ကတတ်ဆန်း ဖွဲ့စည်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဆိုင်ခန်းကျဉ်းတဲ့အတွက် အပြင်ဘက်မှာပဲ ပင်လယ်ကမ်းခြေပုံစံ ပြင်ဆင် နေရာချဖို့ စာရေးသူက အကြံပြုခဲ့ပါသေးတယ်။
စာရေးသူ မြည်းစမ်းခဲ့တဲ့ ဟင်းလျာတချို့ရဲ့ အရသာတွေ အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
သဟဇာတ ကွန့်ထန်
အလယ်အလတ် အရွယ်ရှိတဲ့ စကောတချက်ကို ခဲပြားနဲ့ အပြည့်ပတ်ထားပြီး အဲဒီ အပေါ်မှာ ပင်လယ်စာအစုံကို ပြင်ဆင် ထားတာပါ။ “ပန်းကဏန်း၊ ကင်းမွန်၊ ရေဘဝဲ၊ ပုဇွန်ကျား၊ ဂုံး အသေးအကြီး” စတဲ့ ပင်လယ်စာအစုံ နဲ့ ချက်ထားတဲ့ ဟင်းလျာဖြစ်ပြီး ဒါက ဒီဆိုင်ရဲ့ အဓိက ရောင်းချတဲ့ ဟင်းလျာတမျိုးပါ။
ဟင်းအနှစ်ကို စမြည်းကြည့်လိုက်တာနဲ့ အုန်းနို့နဲ့ ထောပတ် အနံ့၊ အရသာကို စတင်ခံစားမိပြီး အဲဒီ နောက်မှာမှ အစပ် အရသာကို စိမ့်စိမ့်လေး ခံစားမိပါတယ်။ ပင်လယ်စာ အစုံရဲ့ အချိုအရသာနဲ့ ငရုတ်သီးဆော့စ်၊ ထောပတ် အုန်းနို့တို့ကို ယိုးဒယား စတိုင် ချက်ထားတာဖြစ်ပါတယ်။
အစပ် စိမ့်စိမ့်လေး ဆိုတဲ့ အရသာကတော့ ကိုယ်တိုင်မြည်းစမ်းကြည့်မှ သေချာသိမှာပါ။ ပွဲသေးတပွဲကို ၁၈၅၀၀ ကျပ် ဖြစ်ပြီး ပွဲကြီးကတော့ တပွဲ ၃၂၀၀၀ ကျပ်ပါ။ ပါဝင်တဲ့ ပင်လယ်စာတွေက ထူးခြားတဲ့ အရသာနဲ့ ဆိုတော့ ဈေးများတယ် လို့တော့ မဆိုနိုင်ပါဘူး။
သဟဇာတ ကိန်ဟေ
ဒါက အသီးအရွက်ရဲ့ သဘာဝအချိုကို ပင်စိမ်းနဲ့ ဆူးပုတ်အနံ့ သင်းသင်းလေးနဲ့ ချက်ထားတဲ့ အရည်သောက် ဟင်းရည် တမျိုးပါ။ ပင်လယ်စာ အစားများတဲ့အခါ မလိုအပ်တဲ့ ဘေးဥပါဒ်တွေ မဖြစ်အောင် ဒီဟင်းရည်က ထိန်းညှိုပေးတယ်လို့ ချက်ပြုတ်သူ စားဖိုမှူးက ရှင်းပြပါတယ်။
ကောက်ရိုးမှို၊ ငွေနှင်းမှို၊ အပ်မှိုနဲ့ရာသီပေါ် အသီးအရွက် အစုံတို့ကို သဘာဝအချို အရသာအတိုင်း ချက်ထားတာဖြစ်ပြီး တခြားပင်လယ်စာ ဟင်းလျာတွေကြားမှာတော့ အနည်းငယ် ရိုးနေသလို ခံစားရမှာပါ။ ဒီဟင်းက ပွဲသေး ၃၀၀၀ ကျပ်၊ ပွဲကြီး ၅၅၀၀ ကျပ် ဖြစ်ပါတယ်။
ပဲကြာဇံသုတ်
သံပုရာသီး ရဲ့ အချဉ်နံ့ နဲ့ သဟဇာတ က ကိုယ်တိုင် ပြုလုပ်ထားတဲ့ ငံပြာရည် ရဲ့ ချိုမွှေး အရသာ နဲ့ ပဲကြာဇံကို ရိုးရိုးရှင်းရှင်း သုတ်ထားတာပါ ။ ရိုးရှင်းတယ်ဆိုပေမယ့် လည်း သံပုရာနံ့ စူးခနဲ ဖြစ်သွားပြီး ပဲကြာဇံ ရဲ့ အရသာ ကို စားရတာ က သေချာပေါက်နောက်တကြိမ်ထပ်စားချင်မှာပါ။ ဒီကြားထဲ အသုတ်ထဲရောနယ်ထားတဲ့ ပုဇွန်ထုတ်ကြီးနဲ့ စားလိုက်ရတဲ့ တလုတ်ကတော့ ပြောမပြ တတ်အောင်မို့လို့ ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြည့်စေချင်ပါတယ်။ တခုမှာစရာရှိတာ က ပဲကြာဇံသုတ်မှာပြီးရင် အမြန်စားဖို့လိုပါတယ်။ သူ့ပါဝင်ပစ္စည်းတွေအရ အချိန် ကြာရင် ထွေးသွားတတ်လို့ပါ ။ ဒီအသုတ်လိုပဲ တခြား သခွပ်ပွင့်သုတ် ၊ ကင်းမွန်ပဲကြာဇံသုတ် ၊ ရေဘဝဲသုတ် ၊ ပြည်ကြီးငါးသုတ် စတဲ့ အသုတ်တွေလည်း စုံစုံလင်လင်ရနိုင်ပါတယ် ။
ကမာ ရေချိုချက်
စာရေးသူတို့ မြည်းစမ်းခဲ့တဲ့ ဟင်းတွေက အစပ်ဘက် မများပေမယ့် တချို့ ရခိုင်စာ ကြိုက်သူတွေ၊ ပင်လယ်စာ ကြိုက်သူ တွေက ရှုးရှုးရှဲရှဲနဲ့ ခပ်စပ်စပ်လေးမှ ကြိုက်ကြတာပါ။ ဒီလို အစပ်များများ စားသူတွေအတွက်တော့ ဒီဟင်းလျာက မဖြစ်မနေ မှာသင့်ပါတယ်။
ကမာ အကောင်ကြီးကို ပဲကြာဇံနဲ့ ရောပြီး အချိုအစိမ့် အရသာ ချက်ထားတာပါ။ ဟင်းထဲမှာ အခြားအရသာ သိပ်မထည့်ဘဲ ဆနွင်း အရောင်လေး ပါရုံနဲ့ ကမာကို နူးမြည့်နေအောင် ချက်ထားတာဖြစ်ပါတယ်။ ဒီဟင်းမှ မဟုတ်ပါဘူး ဒီဆိုင်မှာ ရောင်းသမျှ ဟင်းအားလုံးလိုလိုမှာ အချိုမှုန့် မသုံးထားပါဘူး။
ငါးသောက်စမ်း
ပင်လယ်ငါး တမျိုးဖြစ်တဲ့ ကျောက်ငါးနဲ့ မက်လိင်သီး အချဉ်နဲ့ ရောချက်ထားပြီး များများချဉ်ပြီး နည်းနည်းစပ်တဲ့ အရည်သောက်ဟင်း ကြိုက်သူတွေအတွက် ကွက်တိဖြစ်မယ့် ဟင်းတခွက်ပါ။ ကျောက်ငါးဆိုတာ ပင်လယ်ငါး စစ်စစ် တမျိုးဖြစ်ပြီး အချို့ဆိုင်တွေက ဒီငါးဟင်းကိုပဲ ဈေးကြီးကြီးနဲ့ ရောင်းချနေကြတာဖြစ်ပါတယ်။
“သဟဇာတ” ဆိုင်ပိုင်ရှင်ကတော့ သူ့ဆိုင်မှာ ဒီငါးပါတဲ့ အရည်သောက်ဟင်းရည်ကို တပွဲ ၃၅၀၀ ကျပ်နဲ့ ရောင်းတယ်လို့ ဆိုပါတယ်။ ကျောက်ငါးက တခြား ဘယ်ငါးနဲ့မှ မတူဘဲ အရသာ ထုပ်ထုပ်လေးနဲ့ တမျိုး စားကောင်းတာပါ။
ကင်းမွန်ပေါင်း
ကင်းမွန်ရဲ့ သဘာဝ အချိုအတိုင်း ပေါင်းထားတာဖြစ်ပြီး ဆော့စ်ရဲ့ အရသာကို အဓိကထား စားရတာ ဖြစ်ပါတယ်။ စူးခနဲ ဖြစ်သွားမယ့် အချဉ်ရဲ့ အရသာနဲ့ အချဉ်ထဲမှာ ပါတဲ့ နံနံပင်နဲ့ ပင်စိမ်း အနံ့တို့ကို နူးအိနေတဲ့ ကင်းမွန်နဲ့ တွဲစားရတဲ့ အရသာကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြည့်စေချင်ပါတယ်။
လှော်စာ
ရခိုင်ရိုးရာအတိုင်း အစပ်ဟင်းတွေ စားပြီးရင် အချိုတည်းဖို့ကိုလည်း “မုန့်လက်ဆောင်း၊ ငှက်ပျောပေါင်း၊ သာခွေယိုင်၊ လှော်စာ” စတဲ့ အချိုမုန့်တွေ ရောင်းပေးပါတယ်။ အဲဒီထဲက တပွဲ ၃၀၀ ကျပ်သာ ကျသင့်တဲ့ လှော်စာ အကြောင်း ရေးပေးပါမယ်။ လှော်စာဆိုတာ ကောက်ညှင်းကို အချဉ်ဖောက်ထားတာဖြစ်ပြီး အရက် အဖြစ်သို့ မရောက်ခင် စားရတဲ့ မုန့်တမျိုးပါ။
အရသာက အနည်းငယ် ချဉ်စူးစူး အရသာရှိပြီး အဆီအနှစ် ထုတ်ထားသလို ဖြစ်နေတဲ့ ကောက်ညှင်းဖတ်တွေနဲ့ အရည်ကြည်ကို စားရတာပါ။ လှော်စာကို တကယ်ကြိုက်သူတွေ အတွက်ကတော့ နေပြည်တော်မှာ ခက်ခက်ခဲခဲ ရှာစရာမလိုဘဲ ဒီဆိုင်မှာ တပွဲကို ၅၀၀ ကျပ်နဲ့ စားရမှာပါ။
ကဲ ပင်လယ်စာကြိုက်သူတွေအတွက် ကိုယ်တိုင် ပင်လယ်ထဲ ရောက်နေသလို ခံစားရမယ့် နေပြည်တော်က “သဟဇာတ” ပင်လယ်စာဆိုင်နဲ့ ဒီတပတ် ဧရာဝတီ အစားအသောက် ကဏ္ဍကနေ မိတ်ဆက်ပေးလိုက်ပါတယ်။ နေပြည်တော်ရောက်ရင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းဆို လိုက်ပါတယ်။
လိပ်စာ – “သဟဇာတ” ပင်လယ်စာ စားသောက်ဆိုင်
အမှတ်(၁) စစ်မှုထမ်းဟောင်းဆိုင်ခန်းတွဲ၊ ပန်းခင်းလမ်း၊ ပျဉ်းမနားမြို့။