ရာသီဥတုဟာ တနှစ်ထက် တနှစ် ပိုပိုပြီး ပူပြင်းလာတာကြောင့် နွေရာသီနဲ့ လိုက်ဖက်ပြီး ခန္ဓာကိုယ်ကိုလည်း ရေဓာတ် ပြန်လည် ဖြည့်တင်းပေးနိုင်မယ့် သဘာဝ အသီးဖျော်ရည်တွေ ဖြည့်စွက်သောက်သုံးပေးဖို့ လိုအပ်လာပါပြီ။
ဓာတုဆေးတွေ အများအပြား ပါဝင်တဲ့ အားဖြည့်အချိုရည်တွေဟာ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ရှိတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး နွေရာသီနဲ့ လိုက်ဖက်တဲ့ သဘာဝအသီး ဖျော်ရည်တွေကို သောက်သုံးဖို့ အကြံပြုချင်ပါတယ်။
ဒါကြောင့်မို့လို့ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် နွေရာသီမှာ သောက်သုံးသင့်တဲ့ သဘာဝ အသီးဖျော်ရည် ၅ မျိုးကို ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) သံပုရာရည်
ဗီတာမင်စီ၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ သံပုရာသီးကို အခုလို နွေရာသီ ကာလမှာ ဖျော်ရည် လုပ်သောက်ပေးမယ်ဆိုရင် အပူ ဝမ်းချုပ်ခြင်းကို သက်သာစေရုံသာမက ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင် ပါတယ်။
(၂) ဖရဲသီးဖျော်ရည်
နွေရာသီအတွက် အသင့်တော်ဆုံး အသီးတမျိုးဖြစ်တဲ့ ဖရဲသီးကို ဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးပေးမယ်ဆိုရင် ရေငတ် ပြေစေပြီး ရာသီဥတု အပူချိန်ကြောင့် သွေးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၃) လိမ္မော်သီးဖျော်ရည်
လိမ္မော်ဖျော်ရည်မှာ ဗီတာမင်စီ၊ သတ္တုဓာတ်နဲ့ အစာချေဖျက်ရာမှာ ကူညီတဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် ဝမ်းမှန် စေတာကြောင့် လိမ္မော်သီးကို ဆားအနည်းငယ်နဲ့ ရောစပ်ပြီး ဖျော်ရည်ပြုလုပ် သောက်သုံးသင့်ပါတယ်။
(၄) အုန်းရည်
အုန်းရည်မှာ ပိုတက်ဆီယမ် ပါဝင်တာကြောင့် ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးနိုင်ပါတယ်။ ရေငတ်နေချိန်မှာ အုန်းရည် သောက်သုံးပေးမယ်ဆိုရင် စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်မှာ ဖြစ်ပါတယ်။
(၅) ဇီးဖျော်ရည်
ဗီတာမင်အေ၊ စီ နဲ့ ဗီတာမင်ဘီတူးတို့ ကြွယ်ဝစွာ ပါဝင်တဲ့ ဇီးဖျော်ရည် သောက်သုံးပေးခြင်းဟာ ကိုယ်တွင်းအပူကို ငြိမ်းစေနိုင်ပြီး ဝမ်းမှန်စေပါတယ်။
ဆက်စပ် သတင်းလင့်ခ် – နွေရာသီမှာ စားသုံးသင့်တဲ့ ရေဓာတ်ပြည့်ဝ အသီးအနှံ ၅ မျိုး
Ref ; food.ndtv.com