ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှိတဲ့ အင်းလေးကန်ကို လာရောက်တဲ့ ဧည့်သည်တွေ အတွက် ညောင်ရွှေမြို့က အဓိက အချက်အချာ နေရာနေရာတခု ဖြစ်ပါတယ်။
လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က အင်းလေးကန်ကို သွားရောက် လည်ပတ်ခဲ့ရာမှာ ညောင်ရွှေမြို့ပေါ်မှာလည်း အတွေ့အကြုံသစ်တွေ ရဖို့လည်း ညောင်ရွှေ ဝန်းကျင်ကို ကျမ သွားရောက်ခဲ့ပါတယ်။ ကျမ အတွက် နေရာအသစ် တခု အကြောင်းကို ကောင်းကောင်းသိချင်တယ် ဆိုရင် ဟင်းချက်သင်တန်းက အကောင်းဆုံး နည်းလမ်းတခုလို့ ယူဆတာကြောင့် ညောင်ရွှေက ဟင်းချက်သင်တန်းကို တွေ့ကြုံ စမ်းကြည့်ဖို့ ထိပ်ဆုံးကနေ အမည်စာရင်း သွင်းလိုက်ပါတယ်။ ညောင်ရွှေမြို့က လူသိများတဲ့ “စင်ရော်” ဧည့်ရိပ်သာက ဟင်းချက် သင်တန်းပါ။
ဟင်းချက်သင်မယ့်သူများ အနေနဲ့ တရက်ကြိုတင်ပြီး စာရင်းသွင်းရန် လိုပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ “စဝ်” က ပါဝင်ပစ္စည်းများနဲ့ အခြားအရာများကို ကြိုတင်ပြင်ဆင်ပေးဖို့ လိုတာကြောင့်ပါ။
စာရင်းပေးတဲ့ အချိန်မှာ စဝ်က သူနဲ့ အတူ ဈေးဝယ်လိုက်မလားဟု မေးပါလိမ့်မယ်။ ကျမ ကတော့ အချိန်မလုံလောက်တဲ့ အတွက် ဈေးသွားဖို့ အစီအစဉ်မှာ မလိုက်ပါနိုင်တာကြောင့် သူတို့က ကျမ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကို ဝယ်ပေးထားတာ ဖြစ်ပါတယ်။
စင်ရော်၏ ခေါင်မိုးထပ်မှ စာသင်ခန်းရှိရာသို့ မနက် ၁၀ နာရီခန့်မှာ ကျမရောက်သွားပါတယ်။ စဝ် က ကျမ နဲ့ ကျမ၏ သူငယ်ချင်းကို ဂတ်စ်မီးဖိုငယ်တခု၊ ဟင်းသီးဟင်းရွက်များနဲ့ အခြား ဟင်းချက်စရာ ပစ္စည်းများ ပြင်ဆင်ထားသည့် စားပွဲတလုံးနဲ့ အတူ စောင့်ဆိုင်းနေပါတယ်။
သင်တန်းအတွက် ဟင်းချက်သင်မယ့် သူတွေက မီနူး (ဟင်းအမယ်) ကို ရွေးချယ်နိုင်ပါတယ်။ ကျမကတော့ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ချက်လို့ရမယ့် အင်းလေး အာလူးထမင်း၊ အဓိက ဟင်းလျာ အဖြစ် ကြက်သွန်မြိတ်နဲ့ အင်းလေး ငါးဟင်း၊ ခရမ်းချဉ်သီးသုတ်၊ အာလူးနဲ့ ပဲသီးဟင်းတို့ကို ရွေးချယ်လိုက်ပါတယ်။
အခြား ရွေးချယ်စရာ ဟင်းပွဲတွေ အနေနဲ့ အင်းလေး ကြက်သွန်မြိတ်ကြော်နဲ့ ဝက်သား၊ ရှမ်းကြက်သားသုတ်၊ နာနတ်သီး နဲ့ သီဟိုဠ်စေ့များ ပါဝင်တဲ့ ရှမ်းစတိုင် ကြက်သား သို့မဟုတ် ဝက်သားတို့ကို ရွေးချယ် ချက်ပြုတ်နိုင်ပါတယ်။
စဝ် က အလွန်ပင် အကူအညီရပြီး ကျမတို့ ဟင်းချက် သင်နေတဲ့ အဆင့်တိုင်းမှာ မေးသမျှ မေးခွန်းတွေကိုလည်း စိတ်ရှည်ရှည် နဲ့ ဖြေဆိုပေးပါတယ်။ သူနဲ့ သူ့ရဲ့ ဝန်ထမ်းတွေက ဟင်းသီးဟင်းရွက်တွေကို ရေဆေးသန့်စင်ပေးထားပြီး ကျမတို့ အတွက် ငါးလည်း အသင့်ပြင်ထားပါတယ်။ အရသာရှိတဲ့ အင်းလေး ဟင်းလျာတွေ ရဖို့ ကျမတို့က သူတို့ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လုပ် ချက်ပြုတ်ရုံပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး အနေနဲ့ အင်းလေး အာလူးထမင်း အတွက် လိုအပ်တဲ့ အာလူးနဲ့ ခရမ်းချဉ်သီး ပြုတ်တာက စတင်ခဲ့ပါသည်။ အာလူးကို ၄၅ မိနစ်ခန့်ကြာ ပြုတ်ဖို့ လိုတာကြောင့် ပြုတ်ထားစဉ် အတွင်း ကျမတို့က ကြက်သွန်မြိတ်နဲ့ အင်းလေး ငါးဟင်း အတွက် အင်းလေးကန်ထဲမှ ငါးအမျိုးအစားဖြစ်တဲ့ ကျောက်ငါး တကောင်ကို ဆား၊ နံနွင်းများနဲ့ နယ်၍ ဆီပူပူမှာ ကြော်ပါတယ်။
ဟင်းအနှစ် အတွက် ကျမတို့က ကြက်သွန်မြိတ်နဲ့ ခရမ်းချဉ်သီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင် လှီးဖြတ်ပြီး အဲဒီ ခရမ်းချဉ်သီး အတုံးလေးတွေကို နူးလာတဲ့အထိ ချက်ရပါတယ်။ အဲဒီနောက် ဆား၊ ကြက်သားမှုန့် အနည်းငယ် ထည့်ပါတယ်။
မွှေးပျံ့တဲ့ ဟင်းနံ့က ကျမတို့ကို ဆာလောင်စေပါတယ်။ ဟင်းအနှစ်ရတဲ့ အချိန်မှာတော့ ကျမတို့က ဟင်းအနှစ်တွေကို ကြော်ထားတဲ့ ငါးပေါ်ကို လောင်းချလိုက်ပြီးနောက် ဟင်းအမယ်တမျိုး ကတော့ အသင့်ဖြစ်သွားပါပြီ။
အဲဒီနောက် ကျမတို့က အင်းလေးစတိုင် ခရမ်းချဉ်သီးသုတ် ဆက်သုတ်ပါသည်။ တခြား ခရမ်းချဉ်သီးသုတ်တွေနဲ့ ခြားနားတာက လှော်ထားတဲ့ မြေပဲကို ထောင်းပြီး ဖောဖောသီသီထည့် အသုံးပြုတာ ဖြစ်ပါတယ်။ ဒီဟင်းအမယ် လုပ်ဖို့က သိပ် မခက်ခဲပါဘူး။ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကို ရောမွှေ၊ မြေပဲနဲ့ ဆားအနည်းငယ် ထည့်ရုံသာ ဖြစ်ပါတယ်။
အဲဒီ အချိန်မှတော့ ပြုတ်ထားတဲ့ အာလူးနဲ့ ခရမ်းချဉ်သီးတွေက အသင့်ဖြစ်လာပြီ။ ကျမက အာလူးကို အခွံခွာရပါတယ်။ နောက် အာလူးကို ပါးပါးလှီး၊ ရှမ်းဆန်နဲ့ ချက်ထားသည့် ထမင်းအနည်းငယ်ထဲကို ဆားအနည်းငယ်ထည့်ကာ အားလုံးကို နှံ့သွားတဲ့ အထိ နယ်ရပါတယ်။ နှံ့သွားပြီ ဆိုရင်တော့ ထမင်းလုံးလေး လုံးပြီး ငှက်ပျောဖက်ခင်းထားတဲ့ ပန်းကန်ပေါ်မှာ တင်ပြီး ပန်ကိတ် အရွယ်အစား အပြားလေးတွေ ဖြစ်လာအောင် အနည်းငယ်ဖိချပြီး အဲဒီအပေါ် မြေပဲလှော် အနည်းငယ်ဖြူးလိုက်တဲ့ အခါ အင်းလေး အာလူးထမင်းကို စားသုံးရန် အသင့် ဖြစ်လာပါပြီ။
နောက်ဆုံးဟင်းခွက်ဖြစ်တဲ့ အာလူးနဲ့ ပဲသီးဟင်းက အင်းသားတွေကြား အလွန်ရေပန်းစားတဲ့ ဟင်းတမျိုး လို့ စဝ်က ပြော ပါတယ်။ သူတို့ အများစုက ထိုဟင်းကို နေ့တိုင်း စားကြပါသည်။ ကျမက အာလူးထမင်း အတွက် ပြင်ဆင်နေချိန်မှာ ကျမ သူငယ်ချင်းက အာလူးနဲ့ ပဲသီးဟင်းကို ချက်ပါတယ်။
ဟင်းချက်သင်တန်းက ၃ နာရီခန့်သာ ကြာပြီး တယောက် ကျပ် ၁၅၀၀၀ ကျသင့်ပါတယ်။
ဟင်းတိုင်းမှာ ခရမ်းချဉ် သီးတွေကို အသုံးပြု ချက်ပြုတ်ပါတယ်။ အင်းသားတွေက ခရမ်းချဉ်သီး အလွန်စားတယ် လို့ ဆိုရမှာပါ။ ပြီးတော့ သူတို့ရဲ့ အင်းလေးကန်အတွင်းမှာလည်း ရေပေါ် ခရမ်းချဉ်ခြံ အများအပြား ရှိနေတယ် မဟုတ်လား။
ဟင်းချက်ရတာကို ကျမတို့ အလွန်ပျော်ခဲ့ရပါတယ်။ ဟင်းချက်ရာမှာ ပါဝင်တဲ့ ပစ္စည်းတွေ အားလုံးအကြောင်း နဲ့ ဟင်း တခွက်တိုင်းက ဘယ်လို ဖြစ်လာတယ် ဆိုတာကို ကျမတို့ လေ့လာခဲ့ရပါတယ်။ စဝ် နဲ့ သူရဲ့ ဝန်ထမ်း ၂ ဦးက ခင်မင်စရာ ကောင်းပြီး အလွန်ဖော်ရွေ ကြ ပါတယ်။
ကျမတို့ ချက်ခဲ့တဲ့ ဟင်းတိုင်းက အရသာရှိပြီး သင်တန်းပြီးတဲ့ အခါမှာတော့ အားလုံးကို စားခဲ့ပါသည်။ ကျမတို့ရဲ့ နေ့လည် စာမှာ ရေသန့်ပုလင်းနဲ့ အချိုပွဲအနေနဲ့ ဖရဲသီးလည်း ပါဝင်ပါတယ်။
ကျမက အချက်အပြုတ် ကျွမ်းကျင်သူ တယောက် မဟုတ်ပါ။ ဒါပေမယ့် နေရာသစ် တခုအကြောင်း ရိုးရာ အစားအစာက တဆင့် လေ့လာတာကလည်း ကောင်းမွန်တဲ့ လေ့လာမှု ဖြစ်ပြီး ကြိုးစားကြည့်သင့်တယ်လို့လည်း ထင်ပါတယ်။
ညောင်ရွှေတွင် ဟင်းချက်သင်တန်း အတွက် ရွေးချယ်စရာ အနည်းငယ်ရှိပါတယ်။ အကယ်၍ ညောင်ရွှေကို ရောက်ရင်း တကြိမ် တော့ သေသေချာချာ ကြိုးစားစမ်းကြည့် သင့်ပါတယ်။ အချိန်ရခဲ့မယ် ဆိုရင်တော့ ဟင်းချက်ရာမှာပါဝင်သည့် ပစ္စည်းတွေ ဘယ်နေရာက လာတယ် ဆိုတာကိုပါ ကိုယ်တိုင်လေ့လာနိုင်ဖို့ ဈေးကိုလည်း လိုက်သွားဖို့ ကျမ တိုက်တွန်းချင်ပါတယ်။
“စင်ရော်” ဧည့်ရိပ်သာမှာ သင်တန်းစာရင်းပေးဖို့ အတွက် သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ဖြစ်သော Sin Yaw Guest House and Restaurant ကို Message ပေးပို့နိုင်သလို ဖုန်းနံပါတ် 09 960743217ကိုလည်း ဆက်သွယ် နိုင်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် လွင်မာထွန်း၏ Experience Inle Cuisine With a Cooking Class ကို ဘာသာပြန်သည်။)