ကြက်တောင်ပံဆိုရင် ရိုးရိုးမုန့်နှစ်နဲ့ ကြော်ရင်ကြော်၊ မဟုတ်လည်း အစပ် ကြော်စားလေ့ ရှိကြပါတယ်။ ဒီတပတ်မှာတော့ အရင်စားနေကျ ကြက်တောင်ပံကြော်တွေနဲ့ မတူ ကွဲထွက်နေတဲ့ အရသာ လေးလေးပင်ပင်နဲ့ ခံတွင်းတွေ့မယ့် ဘဲဥဆားငံနှစ် ကြက်တောင်ပံကြော်နည်းလေးကို ပြောပြပေးချင်ပါတယ်။
မိသားစုတွေ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် လုပ်စားနိုင်အောင် ဟင်းအမယ်တွေကို ၄ ယောက်စာ ဖော်ပြပေးထားပါတယ်။
ပါဝင်တဲ့ ဟင်းချက် ပစ္စည်းတွေက —
ကြက်တောင်ပံကြော်ဖို့ ဟင်းရွက်ဆီ
ကြက်တောင်ပံ ၁၂ ခု
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
အကြော်ခံမှုန့် – သုံးပုံတစ်ပုံ
မုန့်ဖုတ်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ထောပတ် – စားပွဲတင်ဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ ထောင်းပြီးသား – စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်သီးတောင့် – အနည်းငယ် (ထောင်းထားရန်)
ပင်စိမ်းရွက် (သို့မဟုတ်) ပျဉ်းတော်သိမ် – အရွက် ၂၀
ဘဲဥဆားငံ – ၄ လုံး (ထောင်းထားရန်)
ကာရီမှုန့် (Curry Powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းအမယ်တွေ ပြင်ဆင်ပြီးပြီဆို စချက်လို့ ရပါပြီ။ မချက်ခင် အရင်ဆုံး ကြက်တောင်ပံကို ဆား၊ ငရုတ်ကောင်းတို့နဲ့ အရသာ သွင်းထားပါ။
ဒယ်အိုးထဲ ဆီမြှုပ်အောင် ထည့်ပြီး ပူလာအောင် စောင့်ပါ။ ဆီပူလာပြီဆိုရင် အရသာ သွင်းထားတဲ့ ကြက်တောင်ပံတွေကို အကြော်ခံမှုန့်နဲ့ မုန့်ဖုတ်ပေါင်ဒါ ရောထားတဲ့ အမှုန့်ကပ်ပါ။ ပြီးရင် ဆီပူအိုးထဲ ထည့်ကြော်လိုက်ပါ။ ရွှေအိုရောင် သန်းလာတဲ့ အထိ ကြော်ပေးရပါမယ်။
ကြက်သား ကြော်နေတုန်းမှာ ဆော့စ် ချက်ပါမယ်။ ဆော့စ် ချက်ဖို့ ဒယ်အိုးပြား တခုယူပြီး မီးဖိုးပေါ် တင်ပါ။ အိုးပူလာပြီ ဆိုရင် ထောပတ်အနည်းငယ် ထည့်ပါ။ ထောပတ် အရည်ပျော်သွားရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ပင်စိမ်းရွက်တွေကို အရင် ဆီသတ်ပါ။ ပြီးတာနဲ့ ထောင်းထားတဲ့ ဘဲဥ ဆားငံအနှစ်ရယ်၊ ကယ်ရီ ပေါင်ဒါမှုန့်၊ သကြား အနည်းငယ် ထည့်ပြီး သမသွားတဲ့အထိ မွှေပေးပါ။
မွှေထားတဲ့ အနှစ်တွေ ကျက်ပြီဆိုရင် ကြော်ထားတဲ့ ကြက်တောင်ပံ ထည့်ရောလိုက်ရုံနဲ့ အရသာ ငံစပ်စပ်နဲ့ စားကောင်းမယ့် ဘဲဥ ဆားငံနှစ် ကြက်တောင်ပံကြော် ရပါပြီ။ ဟင်းချက်ချိန် ၂၅ မိနစ်လောက်ပဲကြာလို့ ရုံးပိတ်ရက်တင် မဟုတ်ဘဲ ရုံးဖွင့်ရက်မှာပါ ညစာအဖြစ် အလွယ်တကူ ချက်ပြုတ်ပြင်ဆင်နိုင်မယ့် ဟင်းတမယ် အဖြစ် ဝေမျှ လိုက်ပါတယ်။
Ref: Yummy