အဆီနည်းတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ဒါကြောင့် ငါးကို လူတိုင်း စားသင့်ပါတယ်၊ ဒါပေမယ့် မှန်မှန်ကန်ကန်တော့ ချက်စားဖို့ လိုအပ်ပါတယ်။ အခုပြောမယ့် နည်းတွေက ရှောင်ရှားသင့်တဲ့ ငါးချက်နည်း အမှားတွေ အကြောင်းပါ။
(၁) မီးပြင်းပြင်းနဲ့ ကြော်မစားပါနဲ့ ။ ။ ငါးမှာ ပါရှိတဲ့ အသားဓာတ်က သင့် အနေနဲ့ မီးပြင်းပြင်း ပေးပြီး ကြော်လိုက်ရင် ဓာတုဖြစ်စဉ် တခု ဖြစ်လာပြီး အသားဓာတ် ပြိုကွဲ ပျက်စီးသွားပါတယ်။ သင့်ရုံပဲ မီးပေးပြီး ကြော်ပါ။ ငါးမထည့်ခင် ဆီကို ၃ မိနစ်ကနေ ၅ မိနစ် အပူရစေပြီးမှ ထည့်ကြော်ပါလို့ ချီကာဂို အခြေစိုုက် GT Fish & Oyster ရဲ့ စာဖိုမှူးကြီး ဂိုင်ဆက်ပီး တင်တိုရီ (Giuseppe Tentori) က ပြောပါတယ်။ မီးပြင်းလွန်းရင် ငါးရဲ့ အဟာရ ပျက်စီးဖို့ လွယ်တယ် လို့ ဆိုပါတယ်။
(၂) အချိန်ကြာ ချက်မစားပါနဲ့ ။ ။ ပြည်တွင်းမှာ ဆိုရင် ငါးကို ကြွပ်အောင် အချိန်ကြာကြာ ကြော်စားပါတယ်။ ငါးသားလောက် ပေါင်းလို အရိုးနူးအောင် ချက်စားပါတယ်။ တကယ်တော့ ငါးကို အချိန်ကြာကြာ ချက်လေ အဟာရ ပျက်လေလေ ဖြစ်ပြီး ငါး အသား တလက်မထု အတွက် အချိန် ၁၀ မိနစ် ချက်ရင် ရပါပြီ။ အချိန်ကြာကြာ ချက်စားရင် ဆော်လမွန်လို ငါးတွေဆီက အဟာရတောင် ပျက်သွားစေပါတယ် လို့ Alaskan ငါးဖမ်းလုပ်ငန်းက ရန်ဒီဟာ့နဲလ် (Randy Hartnell) က ပြောပါတယ်။
(၃) ငါးကို အတုံးသေးတွေ မတုံးပါနဲ့ ။ ။ ငါးရဲ့ အရေခွံမှာ ကျန်းမာရေး အတွက် ကောင်းတဲ့ အဆီတွေ ပါရှိပါတယ်။ ငါးကို အတုံးသေးလေးတွေ တုံးလိုက်ရင် အသားပျက်စီးတာ များသွားပြီး အဆီလည်း ထွက်တာ များစေပါတယ်။ အဟာရ ရသင့်သလောက် မရနိုင်တော့ပါဘူး။ အတုံးသေးတွေ တုံး မချက်ပါနဲ့။ အရမ်း ရေဆေး၊ နယ်နှပ်တာတွေ၊ လက်ကိုင် မများစေဘဲ ချက်စားပါ။
(၄) ထားနည်းမမှန်ခြင်း ။ ။ ငါးကို ချက်မစားဖြစ်သေးရင် အခန်းအပူချိန်မှာလည်း မထားပါနဲ့၊ ပြုတ်ထားတာမျိုးလည်း မလုုပ်ပါနဲ့။ ဘက်တီးရီးယား ပေါက်ဖွားမှု မြန်စေပြီး ငါးကို ပုပ်လွယ်စေပါတယ်။ ရေခဲ သေတ္တာထဲမှာ ထည့်သိမ်းတာ အကောင်းဆုံးပါ။ ရေခဲရိုက်သလို ဖန်တီး ထားရှိလို့လည်း ရပါတယ်။ အအေးများလွန်းအောင်၊ ရေခဲနဲ့ ထိကပ်ထားရှိတာ တော့ မကောင်းပါဘူး။ အကြောင်းက ချက်ရ ခက်သွားစေလို့ ပါ။ အအေးတော့ခံပါ၊ ရေခဲလိုု အရာန့ဲတော့ ထိကပ် မထားပါနဲ့။
(၅) ဆားများများ ထည့်မစားပါနဲ့ ။ ။ ငါးဆားနယ် လုပ်စားတာမျိုး မကောင်းပါဘူး။ ချက်စားရင်လည်း ဆားနည်းနည်းပဲ သုံးပါ။ နယ်ပါ၊ နှပ်ပါ။ ငါးကို ဆားနဲ့ နယ်လိုက်ရင် ငါးဆီကနေ အသားရည်တွေ ထွက်သွားပါတယ်။ ဆားတွေပဲ ငါးအသားထဲ ဝင်သွားပါတယ်။ ထွက်သွားတဲ့ ငါးအသားရည်ထဲမှာ အသားဓာတ်တွေ ပါသွားလိုု့ အဟာရ သိပ် မဖြစ်တော့ပါဘူး။ အဟာရလည်းရှိ၊ အရသာလည်း ကောင်းအောင် ဆားသင့်ရုံပဲ ထည့်၊ စမုန်နက်၊ သံပုရာနဲ့ သံလွင်ဆီတွေ ထည့်စားရင် ပိုကောင်းပါတယ်။
(၆) ပုစွန်ထုပ်ကြီးတွေ မစားပါနဲ့ ။ ။ ညစာ တခုမှာတော့ ပုစွန်ထုပ်ကြီးတွေက ဟင်းပွဲလှစေပါတယ်။ ဒါပေမယ့့် သူတို့ထက် ပုစွန်လေးတွေက ပိုချို၊ ပိုကောင်း၊ ပိုနူးညံ့ပါတယ်။ မိနစ် အနည်းငယ်လောက် အတွင် ချက်စား နိုင်ပါတယ်။
(၇) လတ်ဆတ်တဲ့ ငါးကို ဝယ်စားပါ ။ ။ လတ်ဆတ်တဲ့ ငါးက လတ်နေရမယ်၊ မျက်လုံးတွေ ကြည်နေသေးတယ်၊ အနံ့ ကောင်းနေရမယ်။ အသား မာနေရမယ်၊ ညှီနံ့ မရှိဘူး။ ဒါမှ အဟာရ ပြည့်တဲ့ ငါးကို သင်စားပြီး အဟာရ ဖြစ်မှာပါ။
(၈) ငါးအရေပြားတွေကို လွှင့်မပစ်ပါနဲ့ ။ ။ အထက်မှာ ပြောခဲ့သလို ငါး အရေပြားမှာ အဟာရဓာတ်လည်း ပါတယ်။ ချက်နေချိန် ငါးအသားဆီ ကနေ အဟာရတွေ ထွက်မှာကိုလည်း အရေပြားက တားဆီးပေးတယ်။ မချက်ခင် အရေခွံကို ဖယ်ထုတ် လိုက်တာက ငါးကို အဟာရ နည်းအောင် ဖန်တီးလိုုက်ခြင်း ဖြစ်သွားပါတယ်။ ချက်ပြီးမှ အရေခွံကို မစားချင်ရင် မစားပါနဲ့။ မချက်ခင် အရေခွံကို ဖယ်မပစ်ပါနဲ့။ အထူးသဖြင့် ဆော်လမွန်လို ငါးတွေကို အရေခွံနဲ့ပဲ ချက်ပါ။
(၉) ကျက်အောက်ချက်ပါ၊ မကျက်တကျက်လည်း မစားပါနဲ့ ။ ။ ပုစွန်တွေ ချက်ရင် သိသာနိုင်တာက C ပုံစံ ချက်စားပါ၊ အကောင်းဆုံးပါ။ O ပုံစံ ကွေးနေအောင် ချက်ထားရင် အချက်လွန်နေပါပြီ။ ပုစွန်တွေ ဆိုရင် မျက်နှာပြင် တဖက်ကို ၁ မိနစ်ခွဲခန့် ချက်စားရင် အဆင်ပြေပါပြီ။ မျက်နှာပြင်နှစ်ဖက်စာ ၃ မိနစ်ခန့် ချက်ရမှာပါ။ ငါးကိုလည်း အထက်မှာ ပြောသလို အသားထု ၁ လက်မ အတွက် ၁၀ မိနစ်လောက် ချက်စားပါ။ ။
Ref: www.rd.com