ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာ လူကြိုက်များပြီး အထူးသဖြင့် လူငယ်တွေစားလေ့ရှိတဲ့ ဝက်သားကတ်တလိပ် ကြော် (Tonkatsu ) လုပ်နည်းကို ဒီတပတ် ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် မျှဝေ ပေးချင်ပါတယ်။ ရိုးရိုးရှင်းရှင်း အလွယ်တကူ ချက်ပြုတ် ပြင်ဆင်နိုင်သလို အရသာလည်းရှိလို့ လူတိုင်း အကြိုက်တွေ့ကြမှာပါ။
ဝက်သား ကတ်တလိပ်ကြော် လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက ဝယ်ရလွယ်သလို အများကြီး ဝယ်စရာ မလိုပါဘူး။
ပါဝင်ပစ္စည်းများ
ဝက်သား – ၂၀၀ ဂရမ် အတုံး ၄ တုံး (အရိုး မပါတဲ့ အသားကို ရွေးပါ)
ပေါင်မုန့် မွကြော်မုန့် – ၂ ခွက်ခွဲ
ဆား – အနည်းငယ်
ငရုပ်ကောင်းမှုန့် – အနည်းငယ်
ကြော်ရန် – ဆီ အနည်းငယ်
အကြော်နဲ့ တွဲစားဖို့ အသုပ်အတွက် ဂေါ်ဖီထုပ် တစိတ် (ပါးပါးလှီးထားရန်)
ပါဝင်ပစ္စည်းတွေ အားလုံး ပြင်ဆင်ပြီးပြီဆိုရင် အရင်ဆုံး ဝက်သား ကတ်တလိပ်ကြော်နဲ့ တွဲစားဖို့ ဂေါ်ဖီသုပ်ကို ပြင်ဆင်ပါ။ သန့်စင်ပြီး ပါးပါးလှီးထားတဲ့ ဂေါ်ဖီထုပ်တွေကိုု စားတဲ့အခါ ကြွပ်ကြွပ်လေးနဲ့ အေးနေအောင် ရေခဲသေတ္တာထဲ ခဏ ထည့်ထားပါ။
ဝက်သားကို မကြော်ခင် ဆား၊ ငရုပ်ကောင်း အနည်းငယ်နဲ့ အရသာ အရင်သွင်းပါ။ ဝက်သားကို ကိုယ် လိုချင်သလောက် အပြား အရွယ်အစား ရတဲ့အထိ အသားထုတံနဲ့ ထုပေးပါ။ အသားပြားကို ပေါင်မုန့်မွကြော် ကပ်ပေးပါ။
ဒယ်အိုး ပူလာအောင် မီးဖိုပေါ်တင်ပါ။ ပူလာပြီဆိုရင် တဝက်လောက်ထိ ဆီဖြည့်ပါ။ ဆီပူလာပြီဆိုရင် ရွှေအိုရောင် သန်းလာတဲ့အထိ ၅ မိနစ်လောက် ကြော်ပေးရပါမယ်။ ကြော်ပြီးသား ဝက်သား ကတ်တလိပ်တွေကို ဆီစစ်ထားပါ။
ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ဂေါ်ဖီထုပ်တွေကို ပန်းကန်းထဲ ထည့်လိုက်ပါ။ ဆားအနည်းငယ်၊ မရောနိစ် (Mayonnaise) အနည်းငယ် ထည့်ပြီး နှံ့အောင်မွှေပါ။ ပြီးရင်တော့ ကြော်ထားတဲ့ ဝက်သား ကတ်တလိပ်ကြော်နဲ့ တွဲဖက်စားနိုင်ပါပြီ။
ဒီအတိုင်း စားလည်း အရသာရှိသလို ထမင်းပူပူလေးနဲ့ တွဲစားမယ် ဆိုရင်လည်း အလွန်လိုက်ဖက်တဲ့ ဝက်သား ကတ်တလိပ်ကြော်ကို အကြိုက်တွေ့မယ် ထင်ပါတယ်။ ကဲ ဒီတပတ် ပိတ်ရက်မှာ လွယ်ကူပြီး အချိန်တိုတွင်း လုပ်စားနိုင်တဲ့ ဝက်သား ကတ်တလိပ်ကြော် လုပ်စားကြမယ်လေနော်။
ဆက်စပ် သတင်းလင်ခ့် – အရသာငံစပ်လေးနဲ့ တမူ ထူးခြားတဲ့ ဘဲဥဆားငံနှစ် ကြက်တောင်ပံကြော်
Ref: Yummy