အိပ်ရာ မဝင်ခင် ကော်ဖီ၊ လက်ဖက်ရည် အစရှိတဲ့ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေကို စားသောက်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာ အများစုက သိကြပေမယ့် တခြားသော မသိသေးတဲ့ အိပ်ရာ မဝင်ခင် မစားသုံးသင့်တဲ့ အစားအစာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။
(၁) ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ် လေးပုံ တပုံခန့်ဟာ ချောကလက်မှာ ပါဝင်တာကြောင့် အိပ်ရာ မဝင်ခင် စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ Tyrosine ဓာတ်ဟာ ဦးနှောက်ကို နိုးကြားတက်ကြွ စေတာကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်တာနဲ့ မျက်စိကြောင်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) ရေခဲမုန့်မှာ သကြားဓာတ်နဲ့ အဆီဓာတ်တွေ ပါဝင်တာကြောင့် အိပ်ရာဝင်ကာနီး စားသုံးမိမယ်ဆိုရင် ခန္ဓာကိုယ်ကို အဆီနဲ့ သကြားဓာတ်တွေ ချေဖျက်ဖို့ အလုပ်ပေးသလို ဖြစ်နေတာကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။
(၃) အိပ်ရာမဝင်ခင်မှာ ပူစပ်တဲ့အစားအစာတွေကို စားမိမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်း အပူချိန်ကို မြင့်တက်စေပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်မှာ မဟုတ်ပါဘူး။ အစာအိမ်ရဲ့ အစာခြေစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်တဲ့အပြင် ရင်ပူ စေနိုင်တာကြောင့် အိပ်ရာမဝင်ခင် စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) အသားကင် ဒါမှမဟုတ် အသားဟင်းတွေဟာ ပရိုတိန်းဓာတ်ကြွယ်ဝလွန်းတာကြောင့် အိပ်စက်နေချိန်မှာ အသက်ရှု လမ်းကြောင်းစနစ်ကို ပိတ်ပင်သလို ဖြစ်နေတတ်ပြီး ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကလည်း လည်ပတ် နေတာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။
(၅) ထောပတ်နဲ့ ချိစ်တွေမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းထုတ်လွှတ်မှုကို လျော့ကျစေနိုင်တာကြောင့် အိပ်ရာမဝင်ခင် စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Ref : steptohealth.com