ကိုရီးယားလူမျိုးတွေရဲ့ နေ့စဉ်ထမင်းဝိုင်းမှာ မပါမဖြစ်ကတော့ ကင်မ်ချီပါ။ ကင်မ်ချီကို ဒီအတိုင်းလည်း စားတတ်ကြသလို အသားနဲ့ရောပြီး အရည်သောက်ဟင်းလည်း ချက်စားကြပါတယ်။
အခု ဝေမျှပေးမယ့် ဟင်းချက်နည်းကတော့ ကင်မ်ချီကို ထမင်း၊ အသားပြားတို့နဲ့ ရောကြော်ထားတဲ့ ကင်မ်ချီ ထမင်းကြော် နည်းပါ။ အလွယ်တကူ ပြင်ဆင်နိုင်လို့ မနက်စာအတွက် အဆင်ပြေသလို ညဘက် ဟင်းတွေနဲ့ ထမင်း မစားချင်တဲ့အခါ ကင်မ်ချီ ထမင်းကြော်က တမျိုးတည်းနဲ့ ခံတွင်းမြိန်စေပါတယ်။
ကင်မ်ချီ ထမင်းကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေက–
ကင်မ်ချီ – ၁ ခွက် (တလုပ်စာ အပိုင်းလေးတွေ ပိုင်းထားပါ)
ကင်မ်ချီ အရည် – အနည်းငယ်
အသားပြား – အနည်းငယ် (အပိုင်းလေးတွေ ပိုင်းထားပါ)
မှို – အနည်းငယ် (မကြိုက်ရင် မထည့်လည်း ရပါတယ်)
ထမင်း – တခါပြင်
ကြက်ဥ – တလုံး (ကြော်ထားရန်)
ကြက်သွန်ဖြူ – အနည်းငယ် (ဓားပြား ရိုက်ထားရန်)
နှမ်းဆီ – အနည်းငယ်
ဟင်းချက်ဆီ – အနည်းငယ် (ကြော်ရန်)
နှမ်းလှော်စေ့ – အနည်းငယ်
ဆား – အနည်းငယ်
ကြက်သွန်မြိတ် – တခြမ်း (ပါးပါး လှီးထားရန်) လိုအပ်ပါတယ်။
ဟင်းချက် ပစ္စည်းတွေ ပြင်ဆင်ပြီးပြီဆိုရင် ကင်မ်ချီထမင်း စကြော်လို့ရပါပြီ။
ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ထည့်လိုက်ပါ။ ၁၀ စက္ကန့် လောက်ထည့်ပြီး မွှေးလာပြီဆိုရင် အသားပြား ထည့်ကြော်ပေးပါ။ ခဏကြာရင် ကင်မ်ချီထည့်လိုက်ပါ။ မှိုကြိုက်တဲ့သူက ကင်မ်ချီနဲ့အတူတူ ရောထည့်လို့ရပါတယ်။
ထမင်းကြော်ထဲထည့်မယ့် အစာတွေအကုန်ထည့် ပြီးပြီဆိုရင် ထမင်းနဲ့ ကင်မ်ချီအရည် အနည်းငယ် အိုးထဲထည့် ရောမွှေ လိုက်ပါ။ အရသာအတွက် ဆားအနည်း ငယ်ထည့်ပေးပါ။ ချခါနီးမှာ နှမ်းဆီလေး လောင်းထည့်လိုက်မယ်ဆိုရင် အနံ့ မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကင်မ်ချီ ထမင်းကြော် တပွဲ ရပါပြီ။
ကြော်ထားတဲ့ ကင်မ်ချီ ထမင်းကြော်တွေကို ပန်းကန်ထဲထည့်ပြီးတာနဲ့ အပေါ်ကနေ ကြက်ဥကြော်ထားတာလေး တင်လိုက်မယ်ဆို ပြီးပြည့်စုံပြီပေါ့။ ရေညှိခြောက် ကြိုက်တဲ့သူဆို ချေပြီးအပေါ်ကနေ ဖြူးစားမယ်ဆိုလည်း ပိုပြီး အရသာရှိပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အချိန်တိုအတွင်း ပြင်ဆင်နိုင်တဲ့ “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်”
Ref: My Korean Kitchen