ဈေးနှုန်းချိုသာပြီး အလွယ်တကူနဲ့ ပူပူနွေးနွေး စားသုံးလို့ရတဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးတွေဖြစ်စေတဲ့ ကစီဓာတ် လွန်ကဲစွာ ပါဝင်ပြီး ဗီတာမင်၊ အမျှင်ဓာတ်နဲ့သတ္တုဓာတ် စတဲ့ ကျန်းမာရေးကို အကျိုးပြုစေတဲ့ အာဟာရဓာတ်တွေတော့ မပါဝင်ပါဘူး။
ဒါကြောင့်မို့လို့ အာဟာရ သုတေသနပညာရှင်တွေက အသင့်စား ခေါက်ဆွဲခြောက်တွေကို အာဟာရဖြစ်တဲ့ အစားအစာလို့ သတ်မှတ် မထားပါဘူး။ အသင့်စား ခေါက်ဆွဲခြောက်တွေကို ရံဖန်ရံခါမှ စားသုံးမယ် ဆိုရင်တော့ ပြဿနာ မရှိလှပေမယ့် စွဲစွဲမြဲမြဲ စားသုံးမယ်ဆိုရင် အစာအိမ်ရဲ့ အစာခြေစနစ်ကို ဒုက္ခဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ အသင့်စား ခေါက်ဆွဲခြောက်တွေ စားသုံးတော့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်အောင် စားသုံးလို့ရတဲ့ နည်းလမ်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။
(၁) အသင့်စား ခေါက်ဆွဲခြောက်တွေကို ရေနွေးဖျော်တဲ့အခါ ပထမရေကို သွန်ပစ်လိုက်ပါ။ သွန်ပစ်လိုက်တဲ့ ရေနွေးတွေထဲမှာ ခေါက်ဆွဲခြောက်တွေ တမျှင်နဲ့တမျှင် မကပ်အောင်လို့ အသုံးပြုထားတဲ့ ဖယောင်းတွေ ပါသွားမှာ ဖြစ်ပါတယ်။ သွန်လိုက်တဲ့ ရေနွေးတွေအစား နောက်ထပ် ရေနွေးထပ်ထည့်ပြီးမှ စားသုံးသင့်ပါတယ်။
(၂) ကော်ဘူး ဒါမှမဟုတ် စက္ကူဘူးနဲ့ ထုတ်ပိုးထားတဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကို စားသုံးတော့မယ်ဆိုရင် ကော်ဘူးထဲကို ရေနွေး တခါတည်း ထည့်ပြီး စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကော်ဘူးတွေထဲမှာပါတဲ့ Styrene ဓာတ်ဟာ အပူနဲ့တွေ့တဲ့အခါ အစားအသောက်ထဲကို အလွယ်တကူနဲ့ပျော်ဝင်သွားတာကြောင့် ခေါက်ဆွဲခြောက် ပြုတ်စားတဲ့အခါ ကော်ဘူးထဲမှာ တခါတည်း ပြုတ်ပြီး စားသုံးမယ့်အစား ပန်းကန်လုံး တခုထဲမှာ သက်သက်ထည့်ပြီး စားသုံးသင့်ပါတယ်။
(၃) အသင့်စား ခေါက်ဆွဲခြောက်တွေ စားတဲ့အခါ ခေါက်ဆွဲချည်း သက်သက်စားတာမျိုးထက် တခြားသော အာဟာရရှိတဲ့ အစားအစာတွေဖြစ်တဲ့ ထမင်း၊ ကြက်ဥ ၊ အသား၊ အသီးအရွက် စတဲ့ တမျိုးမျိုးနဲ့ တွဲဖက်ပြီး စားသုံးသင့်ပါတယ်။
Ref ; star2.com