သင်္ကြန်မှာ စတုဒီသာ ကျွေးချင်းလို့ဖြစ်ဖြစ်၊ ဧည့်သည်တွေကို ဧည့်ခံဖို့ဖြစ်ဖြစ်၊ မိသားစုအတွက် နွေရာသီ ရင်အေးစာလေး လုပ်ပေးချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် လုပ်ရတာလည်းလွယ်တဲ့ အုန်းစိမ်း ကျောက်ကျော လုပ်နည်း ဝေမျှပေးချင်ပါတယ်။
လူ ၆ ယောက်ကနေ ၈ ယောက် စားနိုင်မယ့် ပမာဏအတွက် လိုအပ်တဲ့ ပစ္စည်းတွေက —
အုန်းစိမ်းရည် – ၃ ခွက် (အသားကို တခါစား အဖက်လေးတွေ ရအောင် ဇွန်းနဲ့ ခြစ်ထားပါ)
သကြား – စားပွဲတင်ဇွန်း ၅ ဇွန်း (အချိုကြိုက်တဲ့ အပေါ် မူတည်ပြီး ထည့်ပါ)
ဆား – အနည်းငယ်
အာဂါးကျောက်ကျောမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
ဆွမ်းမွှေးရွက် – အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ —
အိုးတလုံးထဲမှာ အုန်းရည်နဲ့ အာဂါးကျောက်ကျောမှုန့် ထည့်ပြီး ဖြည်းဖြည်းချင်း မွှေပေးပါ။ ပြီးရင် ဆား အနည်းငယ်နဲ့ ဆွမ်းမွှေးရွက် ထည့်ပြီး ဆူလာတဲ့အထိ မွှေပေးနေပါ။ ၁၀ မိနစ်လောက်နေလို့ ဆူလာပြီဆိုရင် မီးဖိုပေါ်က ချ၊ ဆွမ်းမွှေးရွက် ဖယ်ပြီး အုန်းခွံထဲကို လောင်းထဲလိုက်ပါ။ ပြီးရင် ခြစ်ထားတဲ့ အုန်းစိမ်းဖတ်တွေကို ရောထည့်ပြီး အပေါ်က ခွဲထားတဲ့ အုန်းသီးခွံလေးနဲ့ ပြန်ပိတ်ပြီး အအေးခံထားပါ။ အေးအေးလေး စားချင်တယ်ဆိုရင် ရေခဲသေတ္တာထဲ ထည့်ထားပါ။
ရိုးရိုး ကျောက်ကျောတွေထက် အမြင်လည်း ပိုဆန်းပြီး စားလို့လည်းကောင်းတဲ့ အုန်းခွံနဲ့ အလှဆင်ထားတဲ့ အုန်းစိမ်း ကျောက်ကျောက နွေရာသီနဲ့လည်း လိုက်ဖက်သလို လူကြီး၊ လူငယ်မရွေး အကြိုက်တွေ့ကြမှာပါ။
အုန်းရည်က နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်စွက်ပေးတဲ့ အကောင်းဆုံး အရည်ပါ။ ကိုယ်တွင်း အဆိပ်တောက်တွေကို ဖယ်ရှားနိုင်သလို သွေးတိုးကျပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုလို့ လူကြီးတွေ အတွက်လည်း အထူးသင့်တော်ပါတယ်။ ရေဓာတ် ခန်းခြောက်နေသူ တယောက်ကို အမြန်ဆုံး ရေဓာတ် ပြန်လည် ဖြည့်ပေးနိုင်ပါတယ်။
Ref: Hot Thai Kitchen