တိုင်းရင်းသား လူမျိုးတိုင်းမှာ သူတို့ရဲ့ နာမည်ကျော် ရိုးရာ အစားအသောက်တွေ ရှိကြပါတယ်။ အထူးသဖြင့် ရိုးရာ ပွဲတော်တွေမှာ ပြင်ဆင် ချက်ပြုတ်ကြတဲ့ အစားအစာတွေထဲက မွန်လူမျိုးတို့ရဲ့ နာမည်ကျော် “မွန်သင်္ကြန်ထမင်း” လုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဝေမျှ ပေးချင်ပါတယ်။
မွန်လူမျိုးတွေက အခုလိုနွေရာသီ ပူလာတဲ့အချိန် မတ်လ၊ ဧပြီလတွေမှာ “သင်္ကြန်ထမင်း” လုပ်စားလေ့ရှိပြီး သင်္ကြန် အချိန်ခါမှာ သင်္ကြန်စာအဖြစ် ချက်စားလေ့ ရှိကြပါတယ်။
“မွန်သင်္ကြန်ထမင်း” လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက —
ငါးခြောက် (အသားများတဲ့ ငါးခြောက်သုံးရင် ပိုကောင်းပါတယ်)
ပုဇွန်ခြောက်
သရက်သီး
ကြက်သွန်ဖြူ
ကြက်သွန်နီ ( ၄ စိတ် စိတ်ထားပါ)
ငရုတ်သီးတောင့်ရှည်
ဆား
မျှင်ငပိ (မကြိုက်ရင် ငံပြာရည် သုံးနိုင်ပါတယ်)
ဆီ
ချက်ပြုတ်ရမယ့် ပစ္စည်းတွေ စုံပြီဆိုရင် စချက်လို့ရပါပြီ။
အရင်ဆုံး ငါးခြောက်ကို ရေစိမ်ထားပါ။ ရေမစိမ်ချင်ရင် ပြုတ်လိုက်လည်း ရပါတယ်။ ရေစိမ်ထားတဲ့ ငါးခြောက်တွေကို အသားတွေမျှင်ပြီး ထောင်းပါ။ ပုဇွန်ခြောက်ကိုလည်း ရေစိမ်ပြီး ထောင်းထားပါ။ သရက်သီးကို ခြစ်နဲ့ ခြစ် ထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ဒယ်အိုး ပူလာပြီဆိုရင် ဆီအနည်းငယ် ထည့်ပါ။ ကြက်သွန် အဖြူ၊ အနီကို အရင်ကြော်ပါ။ ရွှေအိုရောင် သမ်းလာပြီဆိုရင် ခွက်ထဲ ခဏ ဖယ်ထားလိုက်ပါ။ ပြီးရင် ထောင်းထားတဲ့ ငါးခြောက် အသားတွေကို ကြော်ပေးပါ။ အပေါ့အငန် မြည်းပြီး ရွှေရောင် သမ်းလာပြီဆိုရင် ခုနက ကြော်ထားတဲ့ ကြက်သွန်ကြော်နဲ့ ရောလိုက်ပါ။
နောက်ထပ် ချက်ရမယ့်ဟင်းက သရက်သီးချဉ်ပါ။ ဒယ်အိုး ဆီပူလာပြီဆိုရင် ခြစ်ထားတဲ့ သရက်သီးတွေကို ထောင်းထားတဲ့ ပုဇွန်ခြောက်နဲ့ ရောကြော်ပါ။ အပေါ့အငန်အတွက် မျှင်ငါးပိ နည်းနည်း ထည့်လိုက်ပါ။ ချခါနီးလေး စိတ်စိတ်ထားတဲ့ ကြက်သွန်နီ အုပ်လိုက်မယ်ဆိုရင် သင်္ကြန်ထမင်းနဲ့ တွဲစားဖို့ အဆင်သင့် ဖြစ်ပါပြီ။
အစပ်ကြိုက်သူတွေအတွက် ငရုပ်သီး အရှည်တောင့်တွေကို ကြွပ်နေအောင် ကြော်ပြီး တွဲဖက်စားနိုင်ပါတယ်။ သင်္ကြန် ထမင်းကို နွေရာသီနဲ့ လိုက်ဖက်ညီအောင် ထမင်းထဲ ရေအေး (သို့မဟုတ်) ရေခဲရေ ထည့်ပြီး သုံးဆောင်လေ့ ရှိကြပါတယ်။ မွန်လူမျိုးတွေကတော့ ထမင်းကို ဖယောင်းနံ့လေး မွှေးအောင် ဖယောင်းမွှေးရည် လုပ်ပြီး စားလေ့ရှိပါတယ်။