ဒီနေ့ပြောပြပေးချင်တဲ့ ဟင်းချက်နည်းက အခုတလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆာပြေစာလေး ပါ။ စူပါမားကတ်တွေမှာလည်း တွေ့လာရသလို၊ အွန်လိုင်းမှာပါ အဝယ်လိုုက်နေတဲ့ အဆာပြေစာမုန့်လုပ်နည်းပဲ ဖြစ်ပါတယ်။ အရသာက ငံငံ လေးနဲ့ တခါစားပြီးရင် အကြိုက်တွေ့နေကြတာကတော့ ဘဲဥဆားငံအာလူးကြော်ပါ။ ဝယ်စားမယ်ဆိုရင် စားပြီးရင်စားချင်နှေမှာ ဖြစ်တဲ့အတွက် မဝဘူးဆိုရင် ကိုယ့်အိမ်မှာပဲ လုပ်စားကြည့်နိုင်ပါတယ်။ ဒါဟာ လုပ်ရတာလည်း မခက်သလို ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူဝယ်လို့ရပါတယ်။
ဘဲဥဆားငံအာလူးကြော်လုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက–
အာလူးအလုံးကြီး – ၂ လုံး (ခပ်ပါးပါးလေးတွေ လွှာထားပါ)
ဘဲဥဆားငံ – ၈ လုံး
ထောပတ် – စားပွဲတင်ဇွန်း ၃ ဇွန်း
ငရုပ်သီးအသေးတောင့် – ၅ တောင့်
ပင်စိမ်းရွက် – အနည်းငယ် လိုအပ်ပါတယ်။
ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ကြော်ဖို့ ဒယ်အိုးကို မီးဖိုပေါ်တင် အပူပေးပြီး အကြော်ဆီထည့်ပါ။ အရသာကြွပ်ကြွပ်ရွရွဖြစ်အောင် ဆီကိုမြှုပ်နေအောင် များများထည့်ထားပါ။
ဆီပူလာပြီဆိုရင် ပင်စိမ်းရွက်တွေယူပြီး အရင်ထည့်ကြော်ပါ။ ကြွပ်ကြွပ်ရွရွလေးဖြစ်သွားပြီဆိုရင် ဆယ်ပြီး ပန်းကန်ထဲ ဆီစစ်ထားပါ။
ကျန်တဲ့ဆီနဲ့ပဲ ပါးပါးလှီးထားတဲ့ အာလူး ၂ လုံးကို အညိုရောင်သမ်းပြီး ကြွပ်ရွလာတဲ့အထိ ကြော်ပေးပါ။ ပြီးရင် ဆယ်ပြီး ပန်းကန်ထဲ ဆီစစ်ထားပါ။
နောက်ထပ် ဒယ်အိုးတလုံးလဲပြီး မီးဖိုပေါ်တင်ပါ။ ဆီအနည်းငယ်ထည့်ပြီး ဘဲဥဆားငံ ၈ လုံးကို နူးညံ့ပျော့ပျောင်း လာတဲ့အထိ ကြော်ပေးပါ။ မချခင် ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး ပျော်ဝင်သွားတဲ့အထိ ဆက်ကြော်ပါ။
ဘဲဥဆားငံကြော်ထဲ ထောပတ်တွေ ရောသွားပြီဆိုရင် မီးပိတ်ပြီး ခုနကြော်ထားတဲ့ အာလူးကြော်နဲ့ ရောသွားအောင် သေချာမွှေလိုက်ပါ။ ပန်းကန်ထဲထည့်ပြီး ကြော်ထားတဲ့ ပင်စိမ်းရွက်တွေနဲ့ရောလိုက်ရင် အရသာရှိပြီး သွားရေစာ အဖြစ်ရော ထမင်းနဲ့ပါ စားမြိန်စေမယ့် ဘဲဥဆားငံအာလူးကြော်တခွက်ရပါပြီ။
Ref: Yummy