အခုရာသီက သရက်သီး ရာသီချိန်မို့ ဒီတခါတော့ ကောက်ညှင်း စေးစေးလေးနဲ့ တွဲစားရတဲ့ ယိုးဒယား အစားအစာ တမျိုးကို ပြောပြပေးချင်ပါတယ်။ သရက်သီးက နွေရာသီနဲ့ လိုက်ဖက်ပြီး ရင်အေးစေသလို ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာပါ။
ပထမဆုံး “သရက်သီး ကောက်ညှင်းအုန်းနို့ဆမ်း အချိုပွဲ” ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက—
ထိုင်းဆန် (သို့မဟုတ်) ကောက်ညှင်းဆန်
အုန်းနို့ရည်
သကြား
ဆား
သရက်သီးနဲ့
နှမ်းတို့ လိုအပ်ပါတယ်။
ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးပြီဆိုရင် အရင်ဆုံး ကောက်ညှင်းဆန်ကို သန့်စင်သွားတဲ့အထိ ဆေးကြောပေးပါ။ ပြီးရင် သန့်စင်ထားတဲ့ ကောက်ညှင်းဆန်တွေကို နူးအိလာတဲ့အထိ ပေါင်းပေးရပါမယ်။ ပေါင်းထားတဲ့ ကောက်ညှင်းဆန်တွေကို ပန်းကန်တချပ်ထဲ ခဏထည့်ထားလိုက်ပါ။
ထို့နောက် မီးဖိုးပေါ်ကို အိုးတလုံးတင်လိုက်ပါ။ ပူလာပြီဆိုရင် အုန်းနို့ရည်ကို ကျိုပေးပါ။ သကြား၊ ဆားအနည်းငယ် ထည့်ပြီး ဆူလာတဲ့အထိ ကျိုပေးပါ။ အုန်းနို့ရည်အိုး ကောင်းကောင်း ဆူလာပြီဆိုရင် မီးဖိုမီး ပိတ်လိုက်ပါ။ ပြီးရင် ကျိုထားတဲ့ အုန်းနို့ရည်တွေကို ပေါင်းထားတဲ့ ကောက်ညှင်းဆန်ပေါ် ဇွန်းနဲ့ တဇွန်းချင်း စိမ့်ဝင်သွားတဲ့အထိ ဆမ်းပေးပါ။
ပြီးရင် နောက်ထပ် အုန်းနို့ရည်ကို အိုးတလုံးနဲ့ ဆားအနည်းငယ် ထည့်ပြီး ကျိုပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင် မီးဖိုးပေါ်က ချလိုက်ပါ။ အုန်းနို့ဆမ်းထားတဲ့ ကောက်ညှင်းဆန်နဲ့ တွဲစားဖို့ သရက်သီးမှည့် တလုံးကို တလုပ်စာ အတုံးလေးတွေ တုံးထားပါ။ နောက်ထပ် ကျိုထားတဲ့ အုန်းနို့ကို သရက်သီးပေါ်မှာ ဖြည်းဖြည်းချင်း ဆမ်းလိုက်ပါ။
ပန်းကန် တချပ်ပေါ်မှာ အုန်းနို့ဆမ်းထားတဲ့ ကောက်ညှင်းဆန်းရယ်၊ အုန်းနို့ဆမ်းထားတဲ့ သရက်သီးကို ပြင်လိုက်ပါ။ အပေါ်ကနေ နှမ်းလှော်စေ့တွေ ဖြူးလိုက်ရင် အရသာလည်းရှိ နွေရာသီနဲ့ လိုက်ဖက်မယ့် ထိုင်းစတိုင် သရက်သီး ကောက်ညှင်းအုန်းနို့ဆမ်း ရပါပြီ။
Ref: Eating Thai Food