Food

အိမ်မှာ အလွယ်တကူ လုပ်စားလို့ရတဲ့ ဒူးရင်းသီး ခေါင်းအုံးမုန့် (Durian Pillows)

ဒူးရင်းသီးရာသီဆို ကြိုက်တဲ့သူတွေက အသီးကို ဒီအတိုင်း စားကြသလို ဒူးရင်းသီးကို သုံးပြီး မုန့်အမျိုးမျိုး လုပ်စားလေ့ ရှိကြပါတယ်။ အဲဒီထဲကမှ အခုနောက်ပိုင်း ဒူးရင်းသီးအသားနဲ့ ခရင်မ်ကို ရောပြီး ခေါင်းအုံးပုံစံ လုပ်ထားတဲ့ Durian Pillows တွေကို လူကြိုက်များလာကြပါတယ်။

အရသာရှိပြီး တလုပ်စားလိုက်တိုင်း ဒူးရင်းသီးရဲ့ ချိုဆိမ့် မွှေးပျံတဲ့ အရသာအပြင် နူးညံ့ပြီး လျှာပေါ်ပျော်ဝင်သွားတဲ့ ခရင်မ်နဲ့ အရသာပါ အတူခံစားမိစေမှာပါ။ အပြင်က ဝယ်စား လိုက်တိုင်း နည်းနည်းလေးနဲ့ မဝဘူးဆိုရင် ကိုယ်တိုင် အိမ်မှာလည်း လုပ်စားကြည့်နိုင်ပါတယ်။

ကဲ… ဒါဆို အရသာဆိမ့်ဆိမ့်လေးနဲ့ စားကောင်းမယ့် ဒူးရင်းသီး ခေါင်းအုံးမုန့် (Durian Pillows) လုပ်ဖို့ ဘာတွေ လိုအပ်မလဲ။ ရိုးရှင်းပါတယ်။ အနီးအနားက စူပါမားကတ်မှာပဲ အလွယ်တကူ ဝယ်လို့ရမယ့် ပစ္စည်းတွေပါ။

လိုအပ်သော ပါဝင်ပစ္စည်းများ

– ဂျုံမှုန့်

– ပြောင်းမှုန့်

– ကြက်ဥ

– နွားနို့

– ဆား

– အစားအသောက်တွေမှာ သုံးတဲ့ အဝါရောင်ဆိုးဆေး

– ဗယ်နီလာ အရသာရည်

– အပူပေးထားတဲ့ ထောပတ်ရည်

– ဒူးရင်းသီးအသား

– Whipped Cream

– ရေ တို့လိုအပ်ပါတယ်။

အရင်ဆုံး ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ကြက်ဥ၊ နွားနို့၊ အပူပေးထားတဲ့ ထောပတ်ရည်၊ အဝါရောင် ဆိုးဆေး၊ ဗယ်နီလာ အရသာရည်၊ ဆားအနည်းငယ်နဲ့ ရေရောပြီး မွှေစက်ထဲထည့် မွှေပေးပါ။ မွှေထားတဲ့ အရည်တွေကို အမှုန့်ဖတ်တွေ သန့်စင်သွားအောင် စစ်လိုက်ပါ။

မကပ်တဲ့ ဒယ်အိုးပြားကို ယူပြီး မီးဖိုးပေါ်တင်ပါ။ မီးအေးအေးနဲ့ တင်ထားတဲ့ ဒယ်အိုးပြား ပူလာပြီဆိုရင် မွှေထားတဲ့ အရည်ကို ဒယ်အိုးတပြန့်စာ ဇွန်းခပ်ကြီးကြီးနဲ့ ခပ်ပြီး အနှံ့ လောင်းထည့်လိုက်ပါ။ မီးခပ်အေးအေးပဲ ထားပါ။ ၁ မိနစ် ၂ မိနစ် လောက်နေရင် ကျက်သွားပြီး ပန်ကိတ် အပါးပြားလို အဖက်ပြားလေး ဖြစ်သွားပါလိမ့်မယ်။

ဒယ်အိုးကနေ ဆွဲခွာလိုက်ပြီး ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ကိုယ်စားနိုင်သလောက် လုပ်ပြီးပြီဆိုရင် လုပ်ထားတဲ့ အောက်ခံ အဖက်တရွက်ထဲ Whipped Cream တဇွန်း၊ ဒူးရင်းသီး အသားအနည်းငယ် ယူပြီး အလယ်မှာ ထည့်လိုက်ပါ။ လေးဖက်လေးလံ လိုက်ခေါက်လိုက်ရင် ခေါင်းအုံးပုံလေး ဖြစ်သွားပါလိမ့်မယ်။

ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ Durian Pillows လေးတွေကို အိမ်မှာပဲ စိတ်ကြိုက် ကိုယ်တိုင် အလွယ်တကူ လုပ်စား နိုင်ပါပြီ။

ဒူးရင်းသီး ခေါင်းအုံးမုန့် (Durian Pillows) ပြုလုပ်နည်း

Loading