ရန်ကုန်မြို့မှာ “ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း” စတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ ဒေသ အစားအစာတွေကို အဓိကထား ရောင်းချတဲ့ စားသောက်ဆိုင်တွေ ရှိကြပေမယ့် ကယားပြည်နယ်၊ ကယန်းဒေသက ကယန်းလူမျိုးတွေရဲ့ ရိုးရာဒေသ အစားအစာကို သီးသန့် ရောင်းချပေးတဲ့ဆိုင် မရှိသလောက် ရှားပါတယ်။
ကယန်းဒေသ အစားအစာတွေကို အဓိကထား ရောင်းချပေးတဲ့ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင်က ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ ကမာကြည် တံတားအနီး၊ မြမာလာလမ်းနဲ့ တောင်ထိပ်ပန်း လမ်းထောင့်၊ ငမိုးရိပ်ချောင်း နံဘေးမှာ တည်ရှိပါတယ်။
ကယန်းလူမျိုးတွေရဲ့ နေထိုင်မှု ဘဝပုံစံ၊ ရိုးရာ ယဉ်ကျေးမှု၊ အစားအသောက် ချက်ပြုတ်မှုတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အစားအစာတွေကို အဓိက ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်၊ မြှင့်တင်လိုတဲ့ စိတ်ဆန္ဒတို့ကြောင့် ဖွင့်လှစ်ခဲ့တဲ့ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် ပိုင်ရှင် ကိုဇေယျာမင်းကို ဧရာဝတီ သတင်းဌာနမှ Lifestyle အယ်ဒီတာ သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဆုံး သိချင်တာက ဒီဆိုင် Background လေးနဲ့ ဘာကြောင့် ကယန်း ရိုးရာကို ဖွင့်ဖြစ်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။ အဓိကကတော့ ကျနော် ၂၀၁၄ လောက်မှာ စားသောက်ဆိုင်လေး လုပ်တယ်။ လုပ်ပြီးတော့ ငှားထားတဲ့ဆိုင် ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ နောက်တဆိုင်လုပ်ဖို့ စဉ်းစားတော့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော် ကယန်း ဝက်အူချောင်းနဲ့ ခေါင်ရည် လက်ဆောင်ရတော့ တော်တော် သဘောကျတယ်။ အဲမှာ ကယန်းနဲ့ ပတ်သက်တဲ့ ဆိုင် ကျနော် လိုက်ရှာတယ်၊ မရှိဘူး။ မရှိတဲ့အခါကျတော့ ကျနော် စိတ်ဝင်စားသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်မှာ ကျတော့ တခြား တိုင်းရင်းသား အစားအစာတွေ အများကြီး ရှိတယ်။ ဒီကယန်း တိုင်းရင်းသား အစားအစာက မရှိသလောက် ဖြစ်နေတယ်။ ဝက်အူချောင်းလောက်ပဲ ရှိနေတယ်။ အဲတာနဲ့ ကျနော် ဒီကယန်းစာကို စိတ်ဝင်စားတော့ ကယန်း၊ ကယားဘက်ကို ကျနော် သွားတယ်။ သူတို့အကြောင်းကို ကျနော်လေ့လာတယ်။ ၂၀၁၄ နောက်ပိုင်းကနေ စပြီး တောက်လျှောက် လေ့လာတယ်။
ဟိုရောက်သွားတဲ့အခါကျတော့ သူတို့ရဲ့ တအိမ်နဲ့ တအိမ် ခေါင်ရည်ဖောက်ပုံတွေ၊ ဝက်အူချောင်း လုပ်ပုံတွေ မတူကြဘူး။ အရသာတွေ တော်တော်ကွဲတယ်။ ဒါပေမယ့် ထည့်တဲ့ ပစ္စည်း Main Ingredient (အဓိက ပါဝင်ပစ္စည်း) တွေက တူနေတယ်။ အဲဒီ တူတဲ့ဟာကိုလည်း ကျနော်တို့က သဘောကျတယ်။ ရန်ကုန်က လူတွေလည်း သဘောကျနိုင်တယ်။ ပြီးတော့ ဒါ အထူးအဆန်း ရန်ကုန်မှာ မရှိသေးတဲ့ အရာဆိုတော့ ဈေးကွက်အရလည်း ကျနော်တို့ အဆင်ပြေနိုင်တယ်။ ဒါကို တွက်ပြီး ဒီကယန်းဆိုင်ကို ၂၀၁၄ နှောင်းပိုင်းမှာ စပြီး အကောင်အထည် ဖော်တာပါ။ ဖွင့်ဖြစ်တာတော့ ၂၀၁၇ ခုနှစ်၊ မေလကျမှ ဖွင့်ဖြစ်ပါတယ်။
မေး ။ ။ ဆိုင်နာမည်ကို ဘယ်လိုပေးဖြစ်တယ်ဆိုတာလေး ပြောပြပေးပါဦး။
ဖြေ ။ ။ ဆိုင်နာမည်က “Vista Do Rio” ဆိုတာ “မြစ်ဘေးက လှတဲ့နေရာလေး တခု” လို့ အဓိပ္ပာယ်ရတယ်။ ကျနော်တို့ အရင်းနှီးဆုံး စကားလုံး တခုရှိတယ်။ ဆိုင်နာမည်တွေ ဘာတွေဆို “The River View” တို့ ဘာတို့ပေ့ါ။ ဒါမျိုးဆိုလို့ ရှိရင် အကုန်လုံးက River View ဆိုပြီး တန်းပြီး ထင်းခနဲမြင်တယ်။ ဒါပေမယ့် River View က အများကြီးလည်း ပေးကြတယ်။ သူများတွေလည်း သုံးတော့ ကျနော် လိုက်မသုံးချင်ဘူး။ မသုံးချင်တော့ တခြား ဘာသာစကားတခုနဲ့ စဉ်းစားကြည့်တော့ “Vista Do Rio” ဆိုတာ ကျနော် သွားတွေ့တယ်။ ဒီတခုကို ကျနော် တော်တော် သဘောကျတာနဲ့ ပေးဖြစ်တာပါ။
မေး ။ ။ ဆိုင်မှာ ရနိုင်တဲ့ အစားအစာတွေကကော ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ ကယန်းဒေသထွက် အစားအစာတွေ များတယ်။ သူ့ကိုပဲ အဓိက ထားရောင်းတယ်။ ဒါပေမယ့် ကယန်းကျတော့ အစပ် နည်းနည်း ပိုစားတယ်။ အဲတာလေးကိုတော့ နည်းနည်း လျှော့ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ကကျတော့ နည်းနည်း ပူတယ်။ ဟိုဘက် ရာသီဥတုနဲ့ မတူဘူး။ အဲတာတော့ ကျနော် နည်းနည်းလေး ပြင်ပြီး ချက်ပေးတယ်။ အတတ်နိုင်ဆုံးတော့ ရိုးရာချက်နည်း အတိုင်း ကယန်းဒေသက လူတွေ လာပြီးတော့ ချက်ပေးတယ်။ ဒီအစားအစာက နည်းနည်းကြမ်းတယ်။ ပါးစပ်မတွေ့တဲ့သူတွေ စားရတာ အဆင်မပြေမှာ စိုးလို့ Fusion (ပေါင်းစပ်မှု) တွေနဲ့ နည်းနည်းလေး လုပ်ပေးထားတာ ရှိတယ်။ Fusion လေးတွေကျတော့ ရန်ကုန်တို့ မန္တလေးတို့က လူတွေ စားရတာ အဆင်ပြေတယ်။ ကယန်းစာ စစ်စစ်ကျတော့ ဒီရာသီဥတုနဲ့ သူ့ရဲ့ အစပ်အဟပ်နဲ့ တန်ရင် ပြင်ပေးရတဲ့ဟာ ရှိတယ်။
မေး ။ ။ ဆိုင်မှာ လာစားတဲ့သူတွေကကော ဘယ်လိုဧည့်သည်တွေ များလဲ။ ပြည်တွင်းက များလား၊ နိုင်ငံခြားသားတွေ လာတာ များလား။
ဖြေ ။ ။ ပြည်တွင်းကတော့ များတယ်။ နိုင်ငံခြားသားတွေလည်း လာပါတယ်။ လာတယ်ဆိုတာ ကျနော်တို့ကတော့ Foreigner ရယ်၊ Local ရယ် မခွဲပါဘူး။ အဓိကကတော့ ကိုယ့်ဆိုင်ကို လာတဲ့ ဧည့်သည် အကုန် အတူတူပါပဲ။
မေး ။ ။ ဒီဆိုင်က ပြောမယ်ဆိုရင် ထူးခြားတယ်။ Culture (ရိုးရာ) ကို ပြထားတဲ့ အတွက် အစ်ကို့အနေနဲ့ Culture တခုကို ထိန်းသိမ်းတဲ့အပေါ် အစ်ကို့ရဲ့ ခံယူချက်၊ တန်ဖိုးထားမှု အပိုင်းကို ပြောပြပေးပါဦး။
ဖြေ ။ ။ Culture ဆိုတာထက် ကျနော် သူတို့ရဲ့ နေထိုင်မှုပုံစံလေးပေါ့။ ကျနော် သွားရင်းလာရင်းနဲ့ သတိထားမိတယ်။ သူတို့က စနေတာ ရှမ်းပြည်ဘက်ကနေပြီးတော့ ဒီကယား အဲ့ဘက်ကနေ ဟိုးဘက် သံတောင်ကြီးအထိ တော်တော် ဖြန့်နေတယ်။ ဒါပေမယ့် သူ့ရွာမှာ သူ့သဘာဝနဲ့သူ အထိန်အဝါလေးတွေ ရှိကြတယ်။ သူတို့နဲ့နေရင် သူတို့ရဲ့ သဘာဝတွေ သိရတယ်။
ဥပမာ – ဒီဟာဆိုရင် ကယားဂစ်တာ Handmade လေးပဲ။ ဒီဂစ်တာကိုဆိုရင် လုပ်တဲ့ အဖိုးကြီး အခုထိ ရှိနေသေးတယ်။ ဒါသူငယ်ငယ်တုန်းက သူလူပျိုဘဝတုန်းက သူလူပျိုလှည့်တဲ့ အချိန်မှာ သုံးတဲ့ ဂစ်တာလေးပေါ့။ ဒါလေးတွေကျတော့ သူက အခုချိန်ထိ အမြတ်တနိုးနဲ့ ထားတယ်။ သူ တောပစ်သွားတဲ့ အချိန်မှာ သူ့ရဲ့ အမျိုးသမီးက တဲကနေပြီးတော့ ဂစ်တာလေး တီးလိုက်၊ ခေါင်ရည်လေး သောက်လိုက်နဲ့ သူစောင့်ပေးတယ်။ ဒါလေးက သူတို့ရဲ့ လူနေမှုဘဝနဲ့ သူ့ရဲ့ ယဉ်ကျေးမှု လို့လည်း ပြောလို့ရတယ်။ သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုပေါ့။ ဒါလေးတွေ သိရတဲ့အခါ ကျနော် ဒီဂစ်တာကို သွားဝယ်တယ်။ ဒီဇာတ်လမ်းလေး ရှိထားတာကို ကျနော် ကိုယ်တိုင်လည်း တွေ့ခဲ့ဖူးတယ်။ တွေ့ခဲ့ဖူးတော့ ဒါလေးကို ကျနော် မေတ္တာ ရပ်ခံပြီး ဝယ်ထားတယ်။ ပြီးတော့ ဒါလေးကို ကျနော် ပြထားတယ်။ ဒါက သူတို့ Handmade ဂစ်တာ၊ သူတို့ဘာသာ သူတို့ လုပ်တယ်။ ဒါလေးကိုတော့ ကျနော် တတ်နိုင်သလောက် စပြီး ထိန်းသိမ်းတယ်။ နောက်ပိုင်းကျရင်တော့ ကျနော် ကယန်းနဲ့ ပတ်သက်တဲ့ ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲတွေ ကျနော် လုပ်နိုင်ဖို့ ကြိုးစားမယ်။
မေး။ ။ အစားအစာတွေကို ချက်ပြုတ် ပြင်ဆင်မှုအပိုင်းမှာကော ဝန်ထမ်းတွေကို ဘယ်လိုမျိုး လေ့ကျင့်ပေးလဲ။
ဖြေ ။ ။ စာဖိုးမှူးကတော့ ကျနော် ကယန်းတွေပဲ အဓိက ထားသုံးတယ်။ ကျနော်ကိုယ်တိုင်လည်း သူတို့ရွာတွေမှာ သွား သင်လာတယ်။ သင်လာရင်း သူတို့ဆီကမှ တဆင့် သင်လာတယ်။ သူတို့လူမျိုးတွေကို ဒီကို ခေါ်လာတယ်။ သူတို့ ကိုယ်တိုင် ချက်တယ်။ သန့်ရှင်းမှု အပိုင်းကိုတော့ ကျနော် ဟင်းပွဲထုတ်မယ့် ပုံစံလေးတွေကို လုပ်ပေးတယ်။ ချက်ပြုတ်မှု အပိုင်းကိုတော့ သူတို့ပုံစံနဲ့ သူတို့ ချက်ကြတယ်။
မေး ။ ။ ဆိုင်အတွင်းပိုင်း၊ အပြင်ပိုင်းတွေ ပြင်ဆင်မှု အပိုင်းတွေကော ဘယ်လို စဉ်းစားပြီး ဖန်တီးထားလဲ။
ဖြေ ။ ။ အမှန်ကတော့ ၂၀၁၄ နောက်ပိုင်းမှာ စတယ်။ စပြီးတဲ့ အချိန်မှာ ကျနော် ကယန်းရွာ သွားတယ်။ တရွာပြီး တရွာ သွားရင်း ဟင်းပွဲတွေအကြောင်း လေ့လာတယ်။ လေ့လာရင်းနဲ့ သူတို့ရဲ့ အိမ်တွေမှာ ရှိတဲ့အရာတွေကို သတိထားမိရင်း လိုက်ကြည့်တယ်။ လိုက်ကြည့်တဲ့အခါကျတော့ အဲ့တာလေးတွေကို ကျနော်ပြန်ပြီး Copy ယူလာတယ်။ ဒီမှာ ပြန်ပြီး အဆင်ပြေမယ့် ဟာလေးတွေ ပြန်ထည့်တယ်။ ပြန်သုံးတယ်။ အဲဒီအရာလေးတွေ ကျနော် အဲ့လိုပဲ လုပ်ထားပါတယ်။
မေး ။ ။ ချက်ပြုတ်တဲ့ အစားအစာတွေ အတွက် Ingredient (ပါဝင်ပစ္စည်း) တွေကို ဘယ်ကနေ ယူလဲ။
Main Ingredient (အဓိက ပါဝင်ပစ္စည်း) တွေကိုတော့ ကယန်းဘက်က ယူတယ်။ ကျနော်ဆိုရင် ရွာတွေ အများကြီး ခွဲပြီးတော့ ယူတယ်။ ဥပမာ- ငရုတ်သီးဆိုရင် စီးဘူးလို့ ခေါ်တဲ့ ရွာနားပတ်ချာလည် အဲ့တောင်ကြောမှာ ရှိတဲ့ ငရုတ်သီးက ပိုပြီး စပ်တယ်၊ ပိုပြီး မွှေးတယ်၊ ထောင်းလိုက်တဲ့အခါ အရသာ ပိုထွက်တယ်။ အဲ့ငရုတ်သီးမျိုးကို ကျနော် ဝယ်တယ်၊ သုံးတယ်။ နောက် မက်ခါသီးကျရင် အရိုင်း အယဉ် နှစ်မျိုးရှိတာပေါ့။ မွှေးတဲ့ဟာကိုပဲ ကျနော်တို့ ယူတယ်။ ကြက်သွန်မြိတ် ဆိုရင်လည်း နောင်ဟိုးဘက်က နေယူတယ်။
ကျနော်တို့ ဆိုင်မှာ နောက်ထပ် “ကြပ်တိုက် ဖားကြော်” ဆိုတာ ရှိတယ်။ အဲတာကျတော့ သူတို့က တောင်ယာထဲ သွားတဲ့အခါ တွေ့ရင် ကောက်လာတယ်။ ကလီစာတွေ နှုတ်ပြီး ဆား၊ ဆနွင်းနယ်ပြီး ကြပ်တိုက်ထားတယ်။ ကြပ်တိုက် ထားတဲ့ဟာကို နှစ်ပေါက်အောင် ထားလို့ရတယ်။ အဲဒါလေးတွေ ကျနော်က ယူရောင်းတယ်။ နောက်တခု အဓိကကျတာ ဆနွင်းပေါ့။ ဆနွင်းဆိုလို့ရှိရင် သူတို့က ဝါဝါထိန်ထိန် တခုရှိမယ်။ ရွှေရောင်ဖျော့ဖျော့ ရှိမယ်။ ရွှေဝါရောင် တောက်တောက် ရှိမယ်။ ဒီဆနွင်း ၃ မျိုးကို ပေါက်တဲ့ ဒေသက မတူဘူး။ မတူတဲ့အခါကျတော့ မတူတဲ့ရွာတွေမှာ တယောက်နဲ့တယောက် သုံးတာခြင်း မတူဘူး။ ဒါပေမယ့် ကျနော် လိုက်ရှာတဲ့အခါကျတော့ သွားရင်းလာရင်း စားရင်း ကျနော် လိုက်မြည်းတယ်။ ဘယ်ဆနွင်းက အကောင်းဆုံးလဲဆိုပြီး။ အဲဒီလိုမျိုး ကျနော် ရွေးချယ်ပြီး သုံးပါတယ်။
မေး ။ ။ လက်ရှိမှာဆိုရင် ရန်ကုန်မြို့မှာဆိုရင် ဒီလို တိုင်းရင်းသားအစားအစာ ဆိုင်တွေက အနည်းငယ် ရှားနေသေးတယ်။ အဲဒီ အပေါ်မှာလည်း အစ်ကို့ အမြင်လေး ပြောပြပေးပါဦး။
ဖြေ ။ ။ ရှားနေတယ်ဆိုတာက တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေးကြောင့်ရော။ နောက်တချက်က သူတို့ ကိုယ်တိုင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု အများကြီး ရှိဖို့လိုနေတယ်။ ဥပမာ – ကယန်းအစားအစာဆိုရင် ကျနော်က သူတို့လူမျိုး အစားအစာက စားသောက်ဆိုင် ဖွင့်ရလောက်တဲ့အထိ ဟင်းပွဲတွေက ရောင်းရပါ့မလားဆိုတဲ့ မေးခွန်းမျိုး ကျနော် ကြုံဖူးတယ်။ အဲတာက ဘာလဲဆိုတော့ သူတို့က လမ်းပွဲဆက်သွယ်ရေး ခက်တယ်။ တရွာနဲ့ တရွာက ဝေးကြတယ်။ ဝေးကြတော့ သူ့ရွာမှာ ချက်တဲ့ဟာကို ဒီဘက်ရွာက သိပ်မသိဘူး။ ဒီဘက်ရွာမှာ ချက်တဲ့ဟာကို ဟိုဘက်ရွာက သိပ် မသိဘူး။ အဲ့လို မတူတဲ့ ရွာတွေကို ကျနော်က အများကြီး သွားတဲ့အခါကျတော့ ဟင်းပွဲတွေကလည်း အများကြီး ထွက်လာတယ်။
အဲဒီလိုပဲ တခြား တိုင်းရင်းသား အစားအစာတွေလည်း ရှိပါလိမ့်မယ်။ တိုင်းရင်းသား အစားအစာဆိုင်တွေ ဖွင့်ဖို့ကျတော့ ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာကျ အများကြီး လိုသေးတယ်လေ။ အခုဆိုရင် ကျနော်တို့က ဘာတွေလိုလဲ ဆိုတော့ နေရာငှားခတွေ မလျှော့ချနိုင်သေးဘူး။ အဲဒီကနေ ကုန်ကြမ်းတွေ သယ်ဖို့ အခက်အခဲတွေ ရှိနေတာတွေ ရှိတယ်။ အဲဒါမျိုးတွေကျတော့ တော်ရုံတန်ရုံ လူက မလုပ်နိုင်ကြသေးဘူး။ တချို့ကျတော့လည်း ရင်းနှီးမြှုပ်နှံမှုမှာ အရမ်း ကောင်းကောင်းမွန်မွန် လုပ်ထားတဲ့ တိုင်းရင်းသား အစားအစာ ဆိုင်တွေ အများကြီး ရှိနေပါတယ်။
မေး ။ ။ ဒီဆိုင်ရဲ့ ရည်ရွယ်ချက်နဲ့ အနာဂတ် ရည်မှန်းချက်လေးလည်း သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ကတော့ စားသောက်ဆိုင်လုပ်ငန်း လုပ်တယ်ဆိုပေမယ့် ဒီဆိုင်ကိုတော့ တိုင်းရင်းသား အစားအစာတွေကို အဓိကထားပြီး ရောင်းမယ်။ နောက်ပိုင်း ဖွင့်မယ့် ဆိုင်တွေကလည်း ဒီလို တိုင်းရင်းသား အစားအစာတွေကို အဓိက ထားပြီး ရောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအာဆီယံမှာပဲ ကြည့်လိုက်ရင် ကျနော်တို့ နိုင်ငံမှာဝင်နေတဲ့ တခြား နိုင်ငံတွေရဲ့ သူတို့နိုင်ငံတွေရဲ့ အစားအစာတွေ သူတို့ ယူလာကြတယ်။
အဓိကကတော့ သူတို့ အစားအစာနဲ့ သူတို့ လူမျိုး ဂုဏ်သိက္ခာကို ယဉ်ကျေးမှုကို ပြတဲ့သဘောပေါ့။ ကျနော်တို့တွေနဲ့ ရင်းနှီးအောင် သူတို့မှာ ဒီလို ယဉ်ကျေးမှု၊ ဒီလို အစားအစာတွေ ရှိတဲ့အကြောင်း သူတို့နိုင်ငံရဲ့ တန်ဖိုးကို မြှင့်တင်တဲ့ သဘောပါပဲ။ အဲဒီတော့ ကျနော်တို့ကလည်း ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေ ဖော်ထုတ်ဖို့ လိုတယ်။ မြှင့်တင်ပေးဖို့ လိုတယ်။ အဲဒီတော့ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ကျနော်တို့ အဆင်ပြေမယ့် တိုင်းရင်းသား အစားအစာတွေ စပြီး ဖော်ထုတ်တယ်။ အဲဒီလို ဆိုင်လေးတွေ ဆက်လုပ်ဖို့ ရှိပါတယ်။ ။
“Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင်ရဲ့ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၂ နာရီအထိလို့ သိရပြီး အစားအသောက်များ ဈေးနှုန်းကတော့ ပျမ်းမျှအားဖြင့် ကျပ် ၃၀၀၀ ကနေ တသောင်းကြားမှာ ရှိတယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာ – “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင်
အမှတ် (၂၅၁) ၊ မြမာလာလမ်းနဲ့ တောင်ထိပ်ပန်း လမ်းထောင့်၊ ကမာကြည် တံတားအနီး၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့။