လူကြိုက်များပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပိန္နဲသီးဟာ အခုလို နွေရာသီမှာ လှိုင်လှိုင်ပေါနေပါပြီ။ ပိန္နဲသီးဟာ အနံ့အရသာ ရှိရုံသာမက ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ပိန္နဲသီး စားသုံးခြင်း ကနေ ရရှိစေမယ့် အံ့အားသင့်ဖွယ်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။
(၁) ပိန္နဲသီးမှာ ခန္ဓာကိုယ်အတွက် အန္တရာယ် ဖြစ်စေတဲ့ ကယ်လိုရီပမာဏနဲ့ အဆီဓာတ် ပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေ စားသုံးဖို့ သင့်တော်ပါတယ်။
(၂) ပိန္နဲသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါရှိတာကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး အစာအိမ် နာဖြစ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ပိန္နဲသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန်စေတဲ့အပြင် အူအမြှေးပါးတွေကို ကျန်းမာစေတဲ့ အတွက် အူလမ်းကြောင်းရောဂါ ဝေဒနာတွေနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားခြင်းကို ကာကွယ်ကုသ ပေးနိုင်ပါတယ်။
(၃) ပိန္နဲသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ သွေးတိုးကို ကျစေနိုင်ပြီး သွေးတိုးရောဂါနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်တားဆီး ပေးနိုင်ပါတယ်။ ပိန္နဲသီးစားသုံးခြင်းဟာ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူခြင်းကို အားပေးတာကြောင့် အရိုးနဲ့ ပက်သက်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
(၄) ပိန္နဲသီးမှာ သံဓာတ် ပါဝင်တာကြောင့် သွေးအားနည်းရောဂါ ခံစားနေရသူတွေ ပုံမှန်စားသုံးပေးသင့်ပါတယ်။ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်စိရောဂါ အများစုကို ကာကွယ်ကုသပေးနိုင်ပြီး အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။
(၅) ပိန္နဲသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး ပင်ပန်းနွမ်းနယ်တဲ့အချိန် စားသုံးခြင်းအားဖြင့် ခွန်အားတိုးပွားစေပြီး လန်းဆန်းတက်ကြွစေမှာ ဖြစ်ပါတယ်။
Ref : lifehack.org