နေ့စဉ်နဲ့အမျှ အစားအစာတွေ စားသုံးနေရတာဟာ ခန္ဓာကိုယ်ကို အာဟာရ ဖြစ်ဖို့ထက် အန္တရာယ်ဖြစ်ဖို့ အလားအလာ များနေပြီလား လို့ တွေးမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစားအစာတွေရဲ့ ဘေးကင်းစိတ်ချရမှု (Food Safety) ဟာ ကျမတို့ မြန်မာနိုင်ငံမှာ တော်တော်လေး အားနည်းနေလို့ ပါပဲ။
မစားမဖြစ် စားနေရတဲ့ အစားအစာတွေကို စိတ်ချလက်ချ စားသုံးနိုင်တဲ့ အနေအထား တရပ်ထိ ရောက်ရှိအောင် ဘာတွေ လုပ်ဆောင် ပေးသင့်သလဲ လို့လည်း ဆက်စပ် စဉ်းစားမိ ပါတယ်။
စိုက်ပျိုး ထုတ်လုပ်ရာကနေ သယ်ယူ ပို့ဆောင်တဲ့ အဆင့်၊ ဈေးကွက်ထဲကနေ ဝယ်ယူရာကနေ ချက်ပြုတ်စားသောက်တဲ့ အဆင့်အထိ စိတ်ချဘေးကင်းဖို့ လိုအပ်နေပါတယ်။
အရင်တုန်းက စိုက်ပျိုးရေးလုပ်ငန်းမှာ သဘာဝမြေသြဇာတွေ သုံးပြီး စိုက်ပျိုးခဲ့ပေမယ့် နောက်ပိုင်းမှာ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ အသုံးပြုလာခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေမှာ ရှိတဲ့ ဓာတုပစ္စည်းတွေ ကြွင်းကျန်နေတတ်တာမို့ မစင်ရင် အန္တရာယ် ရှိပါတယ်။
ဂေါ်ဖီထုပ်၊ ပန်းပေါ်ဖီစိမ်း၊ ရုံးပတီသီး၊ မုန့်ညင်း၊ ခရမ်းသီး၊ ခရမ်းချဉ်သီးစတဲ့ နေ့စဉ် စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေမှာ သာမက ငှက်ပျောသီး၊ သရက်သီး၊ ပန်းသီးစတဲ့ သစ်သီးဝလံတွေထိ ဓာတုဆေး အကြွင်းအကျန်တွေရဲ့ သက်ရောက်မှုတွေ ရှိနေတာကို သတိပြုသင့်ပါတယ်။
ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင် ဆားရည်ထဲမှာ ၄၅ မိနစ်၊ ၁ နာရီ ခန့် ကြာအောင် စိမ်ထားသင့်ပါတယ်။ အဲဒီလောက် စိမ်ထားတာတောင် စိတ်ချရတဲ့ အနေအထား မဟုတ်သေးပါဘူး။ တို့စရာ အနေနဲ့ တချို့အသီးအရွက်တွေကို အစိမ်းစားတတ်တဲ့ အလေ့အကျင့်ကိုလည်း တဖြည်းဖြည်း ပြုပြင်သင့်ပါတယ်။
ဓာတုဓာတ်မြေသြဇာတွေ သုံးပြီး စိုက်ပျိုးတဲ့ မြေတွေဟာ အစောပိုင်းမှာ အထွက်နှုန်းကောင်းနိုင်ပေမယ့် နောက်ပိုင်းမှာ မြေဆီလွှာ ပျက်စီးမှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြီးတော့ စပါးနဲ့ဟင်းသီးဟင်းရွက်မှာ စပါးစိုက်ပျိုးမှုမှာ ဓာတ်မြေသြဇာ များများ သုံးရင် မြေဆီလွှာ ပျက်စီးတဲ့ ဧရိယာလည်း ပိုများလာနိုင်ပါတယ်။
Organic Farming လို့ခေါ်တဲ့ သဘာဝဓာတ်မြေသြဇာ သုံးပြီး စိုက်ပျိုးမှုကို အားပေးလုပ်ဆောင်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ သာမက ဈေးကွက်ထဲမှာ ဖောဖောသီသီ ဝယ်ယူ ရရှိနိုင်တဲ့ အသင့်စားအစားအစာ (Ready Made) တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။
ကျမတို့ ရှောင်ရှားရမယ့် အစားအစာတွေမှာ Processed food လို့ခေါ်တဲ့ ရေရှည်ခံအောင် ပြုပြင်စီမံထားတဲ့ အစားအစာ တွေ ပါဝင်ပါတယ်။ စည်သွပ်ဘူးတွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ယိုစုံထုပ်တွေကို ဝယ်ယူတော့မယ် လို့ စိတ်ကူးရင် ပထမဦးဆုံး ထုတ်လုပ်တဲ့ ရက်စွဲ (Manufactured date) နဲ့ သက်တမ်းကုန်တဲ့ရက်စွဲ (Expired Date) ပါ၊ မပါ စစ်ဆေး ရမှာ ပါ။ နောက်တချက်က အာဟာရတန်ဖိုး (Nutritious value) ကို ဘူးတွေ၊ အိတ်ခွဲတွေပေါ်မှာ ဖော်ပြထားရဲ့လား ဆိုတာ စစ်ဆေး ရမှာပါ။
ဒါအပြင် အရေးကြီးတဲ့ အချက်တချက်က ပါဝင်ပစ္စည်း (Ingredient) တွေကိုရော တိတိကျကျ ရေးသားထားရဲ့လား ဆိုတာ စစ်ဆေးရပါမယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်နဲ့ လိပ်စာ ပါ၊ မပါ ကြည့်ရှု့စစ်ဆေးဖို့လည်း မမေ့သင့်ပါဘူး။
ဒါပေမယ့် ကျမတို့ အများစုဟာ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို စေ့စေ့စပ်စပ် ကြည့်သူ နည်းပါတယ်။ အရေးမကြီးဘူး လို့လည်း မှတ်ထင်ကြပါတယ်။ အင်္ဂလိပ်လိုလည်း ရေးမထား၊ မြန်မာလိုလည်း ရေးမထားတဲ့ Ready Made ဘူးတွေကို ဝယ်ယူ စားသုံးမိရင် တာရှည်ခံအောင် အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေကြောင့် အနည်းနဲ့အများ ဆိုသလို ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာမှာပါ။ မူးဝေတာ၊ ဇက်ကြောတက်တာ၊ အမြင်အာရုံ ထိခိုက်တာ အပါအဝင် အသည်းရောင် အသားဝါ ရောဂါ အထိ ဖြစ်ပွားနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ အမဲသားစည်သွပ်ဘူး အဓိက ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေမှာတောင် ကျန်းမာရေး အရ စိတ်မချရဘူး ဆိုတဲ့ ပြဿနာတွေ ပေါ်ပေါက်ခဲ့လို့ ဈေးကွက်ထဲကနေ ပြန်ရုပ်သိမ်းခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လတ်လတ်ဆတ်ဆတ် ဝယ်ထားတဲ့ သား၊ ငါးတွေကိုပဲ အပူချိန်များများ ပေးပြီး ချက်ပြုတ် စားသောက်တာက ပိုမို ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
စားသောက်ဆိုင်တွေက ရောင်းချတဲ့ ဟင်းလျာတွေထဲမှာ အချိုမှုန့်၊ ဒါမှမဟုတ် ကြက်သားမှုန့် ပါဝင်နေတာကလည်း ကျန်းမာရေး အတွက် ပြဿနာ တရပ်ပါ။ ဘာလို့လဲ ဆိုတော့ MSG (Mono Sodium Glutamate) လို့ခေါ်တဲ့ အချိုမှုန့်ကို ဟင်းလျာတွေထဲ ကြာရှည် ထည့်သွင်း စားသုံးတာက နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်စေတယ် ဆိုတာ ၁၉၆၈ ခုနှစ် ကတည်းက တွေ့ရှိခဲ့ရပါတယ်။ အချိုမှုန့်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ အဝလွန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ ပန်းနာရောဂါ၊ နှလုံးလေသင်တုန်း ဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ မျက်စေ့အမြင် ကွယ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။
ဒါကြောင့် လျှာကို အလိုမလိုက်ဘဲ အချိုမှုန့် မပါတဲ့ ဟင်းလျာတွေ ချက်ပြုတ်စားသောက်ရမှာ ဖြစ်သလို စားသောက်ဆိုင် တွေမှာ ဟင်းမှာရင် အချိုမှုန့်မထည့်ဖို့ သတိပေးသင့်ပါတယ်။ လမ်းဘေးမှာ ရောင်းချတဲ့ အသုပ်ဆိုင်တွေမှာ ဆိုရင်လည်း ရောင်းချသူက အချိုမှုန့်နဲ့ ငရုတ်သီးမှုန့်ကို ဇွန်းနဲ့ ခပ်ထည့်တာ မကြာခဏတွေ့နေရတာပါ။ ခုထက်ထိ FDA က အချိုမှုန့်ကို စားသုံးဖို့ မသင့်တော်ဘူး လို့ တရားဝင် မကြေညာသေး ပေမယ့် ချင့်ချိန်စားသုံးတာ ပိုကောင်းပါတယ်။
ကင်ဆာရောဂါတွေ ဖြစ်ပွားမှုမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယ အမြင့်မားဆုံး ဖြစ်နေပြီး ဖြစ်စေတဲ့ အကြောင်းရင်း တွေထဲမှာ စားသောက်နေထိုင်မှု ပုံစံက အကြောင်းရင်း တချက်အနေနဲ့ ပါဝင်နေပါတယ်။ ငရုတ်ခြောက်၊ ငရုတ်သီးမှုန့်နဲ့ ကြာရှည်ခံအောင် ကြော်လှော်ထားတဲ့ အစားအစာတွေထဲမှာ အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့ “အာဖလာ တောက်ဆင်မှို” တွေပါဝင်နေတာကို မမေ့သင့်ပါဘူး။
FDA ရဲ့ စမ်းသပ်မှုတွေ၊ ဓာတ်ခွဲမှုတွေ အရ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေမှာ အာဖလာတောက်ဆင် ပါတာ တွေ့ရှိထားပါတယ်။ ပြန်ကြော်ဆီလို့ခေါ်တဲ့ သုံးပြီးသား ဆီမှာ အစားအစာ တခုခုကို ထပ်ကြော်လှော်တဲ့ ဆီဟာ ခန္ဓာကိုယ် အတွက် အန္တရာယ်ဖြစ်စေတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖြစ်စေ သလို အသည်းအဆီဖုံးတာပါ ဖြစ်စေနိုင် တာကို သတိပြုသင့်ပါတယ်။
ပဲသွေး၊ ပဲပြားတွေမှာလည်း လူသေကောင်တွေကို မပုပ်သိုးအောင် စီမံရာမှာ အသုံးပြုတဲ့ ဖော်မလင် အသုံးပြုထားတာကို FDA က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စည်းကမ်း မလိုက်နာတဲ့ ပဲသွေးစက်ရုံတချို့ကို ထုတ်လုပ်ခွင့် ၆ လ ပိတ်သိမ်းခဲ့တာ လည်း ရှိပါတယ်။ ဖော်မလင်ဟာ ကင်ဆာဖြစ်စေနိုင်ရုံသာမက သားပျက်သားလျှောတာ၊ ကိုယ်လက်အင်္ဂါမစုံလင်တဲ့ ကလေးတွေ မွေးဖွားလာတာအထိ ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ် အတွက် အဆိပ်အတောက် ဖြစ်စေနိုင်တာတွေကို ငွေပေးပြီး ဝယ်စားနေရတာမျိုး မဖြစ်အောင် ကျမတို့ဟာ အသိ၊ သတိနဲ့ ရှောင်ရှားရမှာပါ။ အစားအစာ လုံခြုံစိတ်ချရမှု အတွက် FDA မှာ တာဝန်ရှိသလို တဖက်ကလည်း ပြည်သူတွေ အနေနဲ့ စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားဖို့ လိုအပ်ပါတယ်။
ပြည်သူတွေကြားထဲ အသိပညာပေးမှုတွေ ပြုလုပ်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပေမယ့် Farm to Fork လို့ တင်စားသုံးနှုန်းတဲ့ ယာခင်းကနေ ခက်ရင်းနဲ့ စားသုံးတဲ့ အဆင့်ထိ စိတ်ချလုံခြုံမှု ရှိရေးကို လုပ်ဆောင်သွားတာ ပိုကောင်းမွန်ပါတယ်။
အကျိုးအမြတ် ရရေးကိုပဲ ရှေးရှုတဲ့ သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ရမှာ ဖြစ်သလို တရားမဝင် ဝင်ရောက်လာတဲ့ အစားအစာတွေကို ဈေးကွက်ထဲ မရောက်ရှိအောင် ထိန်းချုပ်မှ၊ ပြည်သူတွေရဲ့ စားသုံးသူအခွင့်အရေးကို ကာကွယ်ပေး နိုင်မှသာ ဘေးကင်းစိတ်ချလုံခြုံတဲ့ အစားအစာတွေ စားသောက်နိုင်မှာ ဖြစ်ပါကြောင်း။