အနောက်နိုင်ငံတွေမှာတော့ ဝိုင်ဆိုတာ မိန်းကလေး အများစု သောက်သုံးတဲ့ ယမကာပါ။ ပြည်တွင်းမှာလည်း သောက်သုံး လာကြတာ တွေ့ရပါတယ်။ အလေးချိန် ၅ အောင်စ (၈ ကျပ်သားနီးပါး) ရှိ ဝိုင်တခွက်ကို ညစဉ် သောက်သုံးမယ် ဆိုရင် ကျန်းမာရေး အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ ဆိုတာ လေ့လာတင်ပြပါမယ်။
(၁) ကျန်းမာရေးကောင်းစေမယ် – ကျန်းမာရေး ကောင်းဖို့ အတွက် ဗီတာမင်နဲ့ အဟာရဓာတ်တွေ ပြည့်ဝနေဖို့ လိုအပ်တာ မှန်ပေမယ့် ဝိုင်က ကိုယ်ခန္ဓာရဲ့ လှုံ့ဆော်စနစ်ကို အားကောင်းစေတာကြောင့် သူက တဖက်တလမ်းကနေ ကျန်းမာရေးကို ကောင်းမွန်စေတာလို့ ဆိုပါတယ်။
ဝိုင်ကြောင့် ကိုယ်တွင်း အော်ဆီဓာတ်တိုးခြင်း ပိုမို ဖြစ်လာစေပြီး နှလုံးကို အားကောင်းစေတယ်၊ လှုံ့ဆော်စနစ်လည်း အားကောင်းလာစေတယ်၊ ကျန်းမာရေး ပိုကောင်းလာစေတယ် လို့ ကယ်လီဖိုးနီးယားမှာရှိတဲ့ Orange Coast Memorial Medical Center က ခရစ်စတင်း အာသာ (Kristine Arthur) က ပြောပါတယ်။ လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးတယ် လို့လည်း ဆိုပါတယ်။
(၂) ကိုယ်အလေးချိန် မတက်စေဘူး – လေ့လာချက်တွေ အရ ဝိုင်က ကိုယ်အလေးချိန် တက်ခြင်းကို ကာကွယ်ပေး ပါတယ်။ ဝါရှင်တန်တက္ကသိုလ်ရဲ့ လေ့လာချက် တခု အရ ကယ်လိုရီများတဲ့ အစာတွေနဲ့ ဝိုင်မှာ ပါရှိတဲ့ Resveratrol ဓာတ် ပါရှိ အစာတွေကို ကြွက်တွေကို ကျွေးပြီး လေ့လာမှု အရ ပုံမှန်ထက် ကိုယ်အလေးချိန်တက်ဖို့ ရာခိုင်နှုန်း ၄၀ နှေးစေတာ တွေ့ရတယ် လို့ ဆိုပါတယ်။ ဝိုင် ၅ အောင်စ ပါရှိတဲ့ ဝိုင် တခွက်မှာ ကယ်လိုရီ ၁၂၃ ပဲ ပါလို့ ဝိုင်သောက်လို့ ကိုယ် အလေးချိန် မတက်စေနိုင်သလို အလေးချိန် တက်လာတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) နှလုံးကျန်းမာရေးကို အားကောင်းစေတယ် – ကိုယ်တွင်းအောက်ဆီဓာတ်တိုခြင်း ဖြစ်စဉ်ကို ဝိုင်က အားပေးလို့ နှလုံးကို အားကောင်းစေပါတယ်။ သွေး လည်ပတ်မှုလည်း မှန်စေတာပေါ့။ အထူးသဖြင့် အနီရောင် ဝိုင်တွေက ကျန်းမာရေး အတွက် ပိုကောင်းတယ် လို့ ဆိုပါတယ်။
ဟားဗတ် ကျန်းမာရေး တက္ကသိုလ်က သွေးတိုးရှိသူ ၁၁၇၁၁ ဦးကို လေ့လာထားချက် အရ သွေးတိုးသမားတွေ မှာတောင် ဝိုင်သောက်လို့ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါ ဖြစ်ပွားမှု ၃၀ ရာခိုင်နှုန်း လျော့နည်းစေတယ် လို့ ဆိုပါတယ်။ အရက် သောက်သုံးတာ ကတော့ နှလုံးကို အားနည်းစေတယ်၊ နောက်ဆက်တွဲ နှလုံးနဲ့ ပတ်သတ်တဲ့ အားနည်းချက်တွေ ခံစားရစေ နိုင်ပေမယ့် ညစဉ် ဝိုင်ကတခွက် သောက်သုံးပေးရင် နှလုံးကို အားကောင်းစေပြီး သွေးလည်ပတ်မှု မှန်စေတယ် လို့ ဆိုပါတယ်။
(၄) အရိုးတွေကို သန်မာစေတယ် – အရက်အလွန်အကျွံ သောက်သုံးခြင်းက အရိုးကို အားနည်းစေသလို အရက်သောက်များခြင်းက Osteoporosis ဆိုတဲ့ အရိုးပွရောဂါ ဖြစ်စေပါတယ်။ ဒါပေမယ့် တရက်ကို ဝိုင် တခွက် သောက်ပေးတာ ကတော့ ဒီဖြစ်စဉ်ကို ဆန့်ကျင်ပြီး အရိုးကို အားကောင်းစေတယ် လို့ လေ့လာချက်တွေ အရ သိရပါတယ်။
အထူးသဖြင့်တော့ အရိုးကို အားဖြည့်ပေး သလို ဖြစ်နေစေပြီး အရိုးကျိုးမှုတွေကို ကာကွယ်ပေးတယ် လို့ ဆိုပါတယ်။ အရက် သောက်ခြင်းက အရိုးကို တိုက်ရိုက် အားနည်းစေတာတော့ မဟုတ်ပါဘူး၊ အစာအိမ်ကနေ ကယ်စီယမ်ဓာတ် စုပ်ယူနိုင်မှုကို အားနည်းစေတာ ဖြစ်ပါတယ်။ ဝိုင်ကနေ အဟာရဓာတ် စုပ်ယူနိုင်မှုကိုလည်း အားပေးပြီး တရက် တခွက်ပဲ ညပိုင်းမှာ သောက်ပေးမယ် ဆိုရင် ကိုယ်ခန္ဓာစနစ်ကို ပုံမှန် လည်ပတ်နေစေတာ ဖြစ်ပါတယ်။
(၅) ဦးနှောက်မှတ်ဉာဏ် စနစ် ကောင်းစေတယ် – တကယ်တော့ ဦးနှောက်ရဲ့ စွမ်းရည်က အသက် အရွယ်ရလာရင် ကျဆင်းလာပါတယ်။ ဒါပေမယ့် ညစဉ်ဝိုင် တခွက်စီ သောက်ပေးပြီး မှတ်ဉာဏ်စနစ်ကို ထိန်းသိမ်းနိုင်ပါတယ်။ ကိုလံဘီယာ တက္ကသိုလ်ကနေ စေတနာ့ဝန်ထမ်း ၁၄၁၆ ဦးကို လေ့လာချက်မှာ ဝိုင်လို ယမကာကို တရက် တခွက်ပုံစံ ညပိုင်း ပုံမှန် သောက်သုံးပေးသူတွေက လုံး၀ မသောက်သူတွေထက် မှတ်ဉာဏ် စွမ်းအား ကျဆင်းမှု နှေးတာ တွေ့ရတယ် လို့ ဆိုပါတယ်။
(၆) အမြင်ပိုင်း အားကောင်းစေတယ် – ဝိုင် ပုံမှန် သောက်သုံးမှုက အမြင်အာရုံကို ရေရှည် အတွက်ပါ ကောင်းမွန်စေတယ် လို့ ဆိုပါတယ်။ အိုင်စလန် အခြေစိုက် လေ့လာရေး အဖွဲ့ တဖွဲ့ရဲ့ လေ့လာချက် အရ ဝိုင်ကို သင့်ရုံ သောက်ပေးသူနဲ့ လုံး၀ မသောက်သူတွေ ထဲမှာ နည်းနည်းနဲ့ မှန်မှန် သောက်ပေးသူတွေက အမြင်အာရုံပိုင်းမှာ ၃၂ ရာခိုင်နှုန်း ပိုကောင်းတယ် လို့ ဆိုပါတယ်။ ဒီနေရာမှာ ဘီယာသောက်သူတွေထက် ဝိုင်ပဲ သီးသန့် သောက်သူတွေ ဆိုရင် ၄၃ ရာခိုင်နှုန်းလောက်ထိ ပိုကောင်းတယ် လို့ ဆိုပါတယ်။
(၇) စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ် – အရက်အပါအဝင် ယမကာတွေမှာ စွဲလမ်းစေတဲ့ ဓာတ်တွေ ပါရှိပါတယ်။ သောက်သုံးမှုကနေ စိတ်အပန်းပြေမှုကိုလည်း ရရှိသလို စွဲလမ်းမှုကိုလည်း ဖြစ်စေတယ်ပေါ့။ ဒါပေမယ့် ဝိုင်မှာတော့ စွဲလမ်းမှု ဖြစ်စေခြင်း နည်းစေသလို စိတ်ကြည်လင် ပျော်ရွှင်မှုကိုပဲ အဓိက ပိုဖြစ်စေတယ် လို့ ဆိုပါတယ်။ BMC Medidcine ဂျာနယ်က ဆောင်းပါးမှာလည်း တရက် တခွက်နှုန်း ညပိုင်း ဝိုင်သောက်သူတွေက စိတ်ဖိစီးမှု နည်းပြီး ပိုမို ပျော်ရွှင်စွာ နေထိုင်ရတယ်လို့ လေ့လာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
(၈) ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ် – အရက်သောက်သုံးမှုဟာ တကယ်ပဲ ကင်ဆာ ဖြစ်စေမှုကို အားပေး ပါတယ်။ ဒါပေမယ့် ဝိုင်မှာတော့ ကင်ဆာကိုတောင် ကာကွယ်မှု ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ အထူး သဖြင့် ဝိုင်နီတွေမှာ ကင်ဆာ ဆဲလ်ကို တိုက်ဖျက်မှု ရှိပါတယ်။ သြစတြေးလျ အခြေစိုက် သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက် တခုမှာလည်း အမျိုးသမီးတွေမှာ တရက်ကို ဝိုင် တခွက်နှုန်း ညပိုင်း သောက်ပေးမှုက သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ရာခိုင်နှုန်း ၅၀ ထိ လျော့ကျစေတယ် လို့ ဆိုပါတယ်။
Ref: www.rd.com