စာရေးသူ ဆူရှီဆိုင် သွားပြီဆိုရင် မမှာမဖြစ် သောက်လေ့ရှိတာ မီဆိုဟင်းရည်ပါ။ မီဆိုဟင်းရည်မှာ တခြား ပင်လယ်စာတွေ၊ အသားတွေ ထည့်တာထက် ရိုးရိုး ပဲပြားရယ်၊ ရေညှိဖတ်လေးတွေ ထည့်ချက်တာကိုပဲ အရသာ တွေ့မိပါတယ်။
ပဲပိစပ်ရဲ့ချိုဆိမ့်ဆိမ့် အရသာလေးက အီနေတဲ့ခံတွင်းကို တကယ်ရှင်းသွားစေတာမို့ ဆူရှီစားရင်း သောက်ရတာ အလွန် လိုက်ဖက်မှု ရှိပါတယ်။ တကယ်တော့ မီဆိုဟင်းရည် တခွက်ကို အိမ်မှာပဲ အလွယ်တကူ ချက်ပြုတ် ပြင်ဆင်နိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေက —
ပဲပြား (စူပါမားကတ်တွေမှာ ရောင်းတဲ့ ပဲပြားအပျော့လေးတွေဆို ပိုကောင်းပါတယ်)
ရေညှိခြောက်
ကြက်သွန်မြိတ်
မီဆိုအနှစ်ထုပ် (စူပါမားကတ်တွေမှာ ဝယ်ယူနိုင်ပါတယ်)
လိုအပ်တဲ့ ပစ္စည်းတွေ ပြင်ဆင်ပြီးပြီဆိုရင်
အရင်ဆုံး ရေညှိခြောက်ကို မီးမျှင်းမျှင်းနဲ့ ၅ မိနစ် ၆ မိနစ်လောက် ပြုတ်ပေးပါ။ ကြာကြာပြုတ်လေ ရေညှိထဲက ဆားငံရည်တွေ ထွက်သွားပါလိမ့်မယ်။
ပြီးရင် ရေညှိပြုတ်ထားတဲ့ထဲကို မီဆိုအနှစ်ထုပ် ဖောက်ထည့်လိုက်ပါ။ အရည်ထဲ အနှစ်တွေ ပျော်ဝင်သွားပြီဆိုရင် ပဲပြားထည့်ပါ။ အရသာအတွက် ဆားအနည်းငယ် ခတ်ပေးပါ။ ပုံမှန် သက်သက်လွတ် အရည် သောက်ချင်တဲ့သူက ဒီနည်း အတိုင်းဆို ရပါပြီ။
ပင်လယ်စာ ထည့်ချင်တယ်ဆိုရင် ဂုံးဖြစ်ဖြစ် ကမာဖြစ်ဖြစ် ထပ်ထည့်ပါ။ တချို့ ဆူရှီဆိုင်တွေမှာ မီဆိုဟင်းရည် ချဉ်စပ် မှာလို့ရပါတယ်။ ချဉ်စပ်လေး သောက်ချင်တယ်ဆိုရင် ယိုးဒယား တုံယမ်းတုံးလေး ထည့်ပြီး အရသာ အသစ် ဖြစ်သွားအောင် ဆန်းသစ်လို့ရပါတယ်။
ကိုယ်ကြိုက်တဲ့ အရသာပေါ်မူတည်ပြီး မီဆိုအနှစ်ကို ထည့်ပါ။ အိုးထဲမှာ အနှစ်တွေ အကုန်ပျော်ဝင်ပြီး ပွက်ပွက် ဆူနေပြီ ဆိုရင် သောက်မယ့် ပန်းကန်လုံးထဲထည့်ပြီး ကြက်သွန်မြိတ် ခတ်လိုက်ရင် အရသာ ဆိမ့်ဆိမ့်လေးနဲ့ ခံတွင်း ရှင်းစေမယ့် သက်သက်လွတ် မီဆို ဟင်းရည်တခွက် ရပါပြီ။
Ref: The Spruce Eats