တိုင်းရင်းသား အစားအစာတွေထဲမှာ ကျမတို့နဲ့ ရင်းနှီးမှုသိပ်မရှိတဲ့ အစားအစာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီဘက်ခေတ်မှာ အစားအသောက်ဆိုင်တွေ ပေါများလာပေမယ့် တိုင်းရင်းသားရိုးရာ အစားအသောက်ဆိုင်တွေကတော့ ရှိပေမယ့် ရှားပါးနေပါသေးတယ်။ အခု ဖော်ပြပေးမယ့် အစားအစာကတော့ ချင်းတိုင်းရင်းသားတွေရဲ့ ဒေသစာတွေကို ချင်းပြည်နယ် ကန်ပက်လက်မြို့က Hotel Oasis မှာ ရောက်ရှိခဲ့တုန်းက မြည်းစမ်း စားသောက်ခဲ့တဲ့ ဒေသရိုးရာ ဟင်းလျာတွေ အကြောင်းပဲ ဖြစ်ပါတယ်။
ချင်းအစားအစာတွေကို ပထမဆုံးစားဖူးတာ ဖြစ်တဲ့အတွက် အရသာကတော့ ကိုယ့်အတွက် အသစ်အဆန်း ဖြစ်နေပါတယ်။ မှာယူစားသောက်ဖြစ်ခဲ့တဲ့ ဟင်းလျာတွေကတော့ နွားနောက်သားဟင်း၊ ငါးဖယ်ဟင်း၊ ဆာဗူးတီးဟင်း (ဒေသဆန်ပြုတ်တမျိုး)၊ ကြက်သားသုတ် ၊ အာလူးဟင်းနဲ့ အချဉ်ဟင်း တို့ပဲ ဖြစ်ပါတယ်။ ချင်းပြည်ရောက်ရင် မဖြစ်မနေ မှာယူစားသောက်ရမယ့် အဓိကဟင်းလျာ နွားနောက်သားဟင်းပဲ ဖြစ်ပါတယ်။
နွားနောက်ဆိုတာကတော့ အေးတဲ့ အရပ်ဒေသမှာ မွေးမြူလို့ရတဲ့ ပြောင်မျိုးနွယ်ဝင် ဖြစ်ပြီး အဓိက ချင်းတောင်များမှာသာ မွေးမြူလို့ရတယ်လို့ သိရပါတယ်။ သူရဲ့ အသားကတော့ နူးညံ့ပြီး တခြားအသားများနဲ့ မတူပါဘူး။ နွားနောက်သား အစို ကို ကြက်သွန်၊ ခရမ်းချဉ်သီးတို့နဲ့လည်း ချက်ပြုတ်စားသောက်နိုင်ပြီး ဆိုင်မှာတော့ နွားနောက်သားခြောက်ကို အသုတ် ပြုလုပ်ထားကို မှာယူစားသောက်ခဲ့တာ ဖြစ်ပါတယ်။ နွားနောက်သားကို ဖက်ဖယ်ရွက်၊ ဂျင်း၊ ကြက်သွန်နီ၊ သံပရာသီး တို့နဲ့ သုတ်ထားတာ ဖြစ်ပါတယ်။ နွားနောက်သားက အမဲသားလို အညှီနံ့မရဘဲ စားရတာ နူးအိပြီး စားလို့ ကောင်းလှပါတယ်။ ကြက်သားသုတ်ကလည်း နွားနောက်သားလိုပဲ ဖက်ဖယ်ရွက်၊ ငရုတ်ကောင်း၊ ဂျင်း၊ ကြက်သွန်နီ စတာတွေနဲ့ပဲ အသုတ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အာလူးဟင်းကတော့ ရိုးရိုးပဲ အာလူးကို နနွင်းမှုန့်များများနဲ့ ချက်ထားတာ ဖြစ်ပါတယ်။
ဆာဗူးတီးလို့ခေါ်တဲ့ ဒေသအစားအစာတမျိုးကတော့ ဆန်ပြုတ်လို့ အရည်သောက်ဟင်းဖြစ်တဲ့ ဆာဗူးတီးဟင်းရည်ပါ။ သူက ထမင်းကိုဆန်ပြုတ်အနေနဲ့ ပြုတ်ထားတာ ဖြစ်ပြီး အထဲမှာတော့ ဂျင်းနဲ့ ဖက်ဖယ်ရွက်ကို ထောင်းပြီး ထည့်ထား ပါတယ်။ ဒါကြောင့် သောက်လိုက်ရင် ရင်ထဲကို ပူနွေးပြီး ဆင်းသွားပါတယ်။ အေးချမ်းလွန်းလှတဲ့ ချင်းရာသီဒေသနဲ့ လိုက်ဖက်လွန်းတဲ့ အစားအစာပါ။ တချို့က ဆာဗူတီးဟင်းကို ပြောင်းဖူးနဲ့လည်း ချက်ပြုတ်ကြတယ်လို့ သိရပါတယ်။ အချဉ်ဟင်းကတော့ ငရုတ်သီးစပ်စပ်နဲ့ ချက်ထားတဲ့ ငရုတ်သီးဖျော်ရည် ပဲ ဖြစ်ပါတယ်။ ဒီတမျိုးပါဝင်တာကြောင့်လည်း ထမင်းစားလို့ ပိုမြိန်စေပါတယ်။ ငါးဖယ်ဟင်းကတော့ ခရမ်းချဉ်သီး ငရုတ်ပွ တို့နဲ့ ဆီပြန်ချက်ထားတဲ့ ဟင်းလျာဖြစ်တာမို့ စားရတာ သိပ်အထူးအဆန်းတော့ ဖြစ်မနေပါဘူး။
ချင်းအစားအစာတွေမှာ အဓိက သုံးကြတဲ့ အမယ်တွေကတော့ ငရုတ်ကောင်း၊ ဂျင်းနဲ့ ဖက်ဖယ်ရွက်ကို အမှုန့်ထောင်းပြီး အသုံးပြုတာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လူး၊ ဆတ်၊ ပြောင်း ၊ တစေး တို့နဲ့ အချဉ်ဖောက်ထားတဲ့ ချင်းခေါင်ရည်ကို လည်း မြည်းစမ်းခဲ့ပါသေးတယ်။ တောင်ပေါ် ခေါင်ရည် ချိုမြမြ တကျိုက်လောက်ရင် အမောပြေ ဆိုတဲ့ တေးသီချင်းထဲက အတိုင်း ခေါင်ရည်က ချိုမြမြလေးနဲ့မို့ အေးချမ်းတဲ့ ချင်းဒေသရဲ့ အအေးကို အံ့တုနိုင်ခဲ့ပါတယ်။
ခရီးသွားလာတဲ့ ဒေသရောက်တဲ့အခါ ဒေသအစားအစာတွေကတော့ မဖြစ်မနမြည်းစမ်းစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒါမှလည်း ရောက်ရှိတဲ့ နေရာဒေသနဲ့ လိုက်ဖက်တဲ့ အစားအသောက်၊ သူတို့ရဲ့ Lifestyle ကို သိရှိခွင့်ရတာမို့ ရောက်ရှိတဲ့ ဒေသနဲ့ ကိုယ်နဲ့လည်း ပိုပြီးရင်းနှီးကျွမ်းဝင်သလို ခံစားစေရမှာ ဖြစ်ပါတယ်။