တော်တော်များများက ဆန်လုံးဖြူထက် ဆန်လုံးညိုက ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်လို့ လက်ခံထားကြတာပါ။ တကယ်လည်း လေ့လာတွေ့ရှိချက် တော်တော်များမှာ ဆန်လုံးညိုက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း တချို့သူတွေက ဆန်လုံးညိုမှာ လူကိုအန္တရာယ်ပေးတဲ့ Arsenic ပါဝင်မှု ပိုများတယ်လို့ ဆိုနေပြန်ပါတယ်။
အစားအသောက်အဖွဲ့အစည်း (FDA) ရဲ့ လေ့လာချက်တခုမှာ ဆန်လုံးဖြူမှာ Arsenic ပါဝင်မှု ၇၈ ဒသမ ၉ ppb (သန်းပေါင်းတသန်းပုံတပုံ) လောက်ပဲရှိပေမယ့် ဆန်လုံးညိုမှာတော့ ၁၅၆ ဒသမ ၅ ppb ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပျှမ်းမျှတွက်ကြည့်ရင် ၂ ဆနီးပါးပိုများနေတဲ့ ပမာဏပါ။
ဒါဆိုဘာလို့ ဆန်လုံးညိုမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ Arsenic ပါဝင်မှု ပိုများနေရတာလဲ။ အကြောင်းရင်းကတော့ ဆန်လုံး ဖြူရောင်ဖြစ်အောင် အညိုရောင်ကနေ အဆင်ဆင့်သန့်စင်ထားတဲ့အတွက် ဆန်လုံးဖြူမှာ ဒီလို အန္တရာယ်ရှိ တဲ့ဓာတ်တွေ နည်းသွားရတာပါ။
ဆန်လုံးညိုအားလုံးကိုတော့ မဆိုလိုပါဘူး။ သဘာဝနည်းအတိုင်းစိုက်ပျိုးထားတဲ့ အော်ဂဲနစ်ဆန်လုံးညိုမှာတော့ Arsenic ပါဝင်မှု ၁၀၀ ppb အောက်ပဲရှိပါတယ်။ ဒါဟာ ဆန်လုံးဖြူဟာ ရိုးရိုးဆန်လုံးညိုထက် ပိုကောင်းတယ်လို့ပဲ ဆိုလိုတာပါ။
ဆန်အမျိုးအစားအမျိုးမျိုးရှိတဲ့ထဲက ဆန်စားသူအားလုံးမှာ Arsenic ဓာတ်တွေ ကိုယ်ထဲဝင်ရောက်နေတာပဲလား။ လေ့လာကြည့်တဲ့အခါ ထမင်းတခါမှ စားလေ့မရှိသူတွေရဲ့ ဆီးထဲမှာ Arsenic ပါဝင်မှုဟာ ဆန်လုံးဖြူ စားသုံးသူတွေထက် ထက်ဝက်လောက်လျော့နည်းနေတာ တွေ့ရပါတယ်။
ကိုယ်တွင်း Arsenic ပါဝင်မှု များနေပြီဆိုရင် အများဆုံးထိခိုက်မိမယ့် အင်္ဂါတွေကတော့ အဆုတ်၊ အရေပြား၊ ကျောက်ကပ် နဲ့ အသည်းပါ။ စပါးဟာ တခြားကောက်ပဲသီးနှံတွေထက် Arsenic ကို စုပ်ယူနိုင်စွမ်း မြင့်မားလို့ပါ ။ ဒီဓာတ်တွေ လျော့ကျချင်ရင်တော့ ထမင်းကိုပုံမှန်စားနေကျထက်လျော့ပြီး တခြားကိုယ်ခံအားကောင်းစေမယ့် အစားအသောက်တွေ ဖြည့်စွက်စားပေးဖို့ လိုပါတယ်။
အစွမ်းထက်ဆုံး ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကတော့ ဗီတာမင်စီ အများဆုံးပါတဲ့ အသီးနှံတွေ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ငရုတ်ပွ စတဲ့အစားအစာတွေကို အများဆုံးစားပေးရင်း ကိုယ်တွင်း Arsenic ဓာတ်ကို တိုက်ဖျက်နိုင်ပါတယ်။
Ref: Emma Deangela