အနုပညာလောကမှာ နှစ် ၂၀ ကျော်ပြီ ဖြစ်တဲ့ သရုပ်ဆောင် နေဆန်းက အနုပညာအလုပ်များကို လုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေးအဖြစ် ချစ်တီးထမင်းဆိုင်ကိုပါ ဖွင့်လှစ်ထားတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ကျနော်တို့ ဒီဆိုင်ကို ၅ရက်နေ့က စဖွင့်လိုက်ပါတယ်။ ကျနော်က ချစ်တီးထမင်းကြိုက်တော့ ချစ်တီးဆိုင်လိုက်ရှာရင် တောင်ဥက္ကလာမှာ မတွေ့ဘူး။ ကျနော်က အရင်က တာမွေမှာနေတာ၊ ခုဒီတောင်ဥက္ကလာကို ပြောင်းလိုက်တော့ ဆိုင်ခန်း နေရာလေးရတာနဲ့ ဖွင့်ဖြစ်သွားတာပါ။ ကျနော်က စားသောက်ဆိုင် ဖွင့်ချင်နေတာ ကြာပြီ။ ချစ်တီး ထမင်းဆိုင်ကို ဖွင့်ချင်တာ မဖွင့်ဖြစ်သေးတာပေါ့။ စိတ်ကူးနဲ့ ဖွင့်နေတာတော့ တော်တော်ကြာပြီ။ အဲ့အတွက် အခု ကျနော် အကောင်အထည် ဖော်လိုက်နိုင်တာပါ”လို့ နေဆန်းက ဆိုပါတယ်။
ကိုယ်ပိုင်စီးပွားရေး လုပ်ဖြစ်တာနဲ့ ပတ်သတ်ပြီး နေဆန်းက “အစ်ကိုက အနုပညာ မလုပ်ခင်က စီးပွားရေး လုပ်တယ်။ စီးပွားရေးလုပ်ပြီးမှ မင်းသား စလုပ်တာပေါ့။ အစ်ကို မင်းသား လုပ်လိုက်သေးတယ်။ ပြီးတော့ ကြားထဲမှာ နားလိုက်သေးတယ်။ ပြီးတော့ စည်ဘီယာဆိုင် ဖွင့်ဖြစ်တယ်။ နောက် မဖွင့်ဖြစ်တော့ဘဲ အနုပညာပြန် လုပ်တယ်။ အခု ပထမဆုံးပြန်ပြီးတော့ ချစ်တီးထမင်းဆိုင်လေး ပြန်ဖွင့်ဖြစ်ပါတယ်။ မနက် ၉ နာရီဆိုရင် ဆိုင်ဖွင့်ပါပြီ” လို့ ဆိုပါတယ်။
နေဆန်းက ဆိုင်မှာ အချက်အပြုတ်ပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း ဟိန္ဒူ အမျိုးသမီးနှစ်ယောက်က ချက်ပြုတ်ကြောင်း နဲ့ လာစားတဲ့သူများ အဆင်ပြေစေဖို့ ကိုယ်တိုင်လည်း ဆိုင်ကိစ္စ အကုန်လုံး ဝင်လုပ်ဖြစ်ကြောင်း ဆိုပါတယ်။
ဈေးနှုန်းသတ်မှတ် ရောင်းချပေးမှုပိုင်းနဲ့ ပတ်သတ်ပြီး “ဈေးနှုန်းကိုတော့ သတ်သတ်လွတ် အဝစား ၁၀၀၀ ကျပ်၊ ငါးခြောက်ကြော်လေးနဲ့စားရင် ၁၅၀၀ ပေါ့။ ကြက်သား၊ ငါး၊ ငါးဖယ်၊ ကြက်သည်းမြစ်၊ ဘဲဥတို့နဲ့ စားရင် ၂၀၀၀၊ ဆိတ်သား တို့နဲ့စားရင် ၂၅၀၀၊ ပုဇွန်တို့ ဆိတ်ဖိုက်တင်းဘောနဲ့ဆိုရင် ၃၀၀၀ သတ်မှတ်ထားပါတယ်” လို့ ဆိုပါတယ်။
“နယူးချစ်တီး” လို့ အမည်ပေးထားတဲ့ ထမင်းဆိုင်ကို မေလ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ တောင်ဥက္ကလာပ၊ သုမင်္ဂလာလမ်းမပေါ် ပဒေသာပန်းခြံနဲ့ ပဒေသာမီးပွိုင့်ကြား မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။