ရာသီဥတု ပူအိုက်ချိန်မှာ ရင်ကိုအေးမြစေသလို လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်စွမ်းပေးနိုင်တဲ့ သခွားသီးထောင်း လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ သင်္ဘောသီးထောင်း၊ ဘဲဥဆားငံပြောင်းဖူးထောင်းတွေနဲ့ မတူ စားလိုက်တာနဲ့ လန်းဆန်းသွားပြီး အစာကြေလွယ်တဲ့ သခွားသီးထောင်းကို ဒီအတိုင်းအပျင်းပြေ စားစား၊ ထမင်းနဲ့ပဲ တွဲစားစား ကြိုက်နှစ်သက်ကြမှာပါ။
သခွားသီးထောင်းလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
သံပုရာရည်
ရှာလကာရည်
ကြက်သွန်ဖြူ
သကြား
ဆား
ငရုတ်ကောင်း
ယိုးဒယားငံပြာရည်
နှမ်း
သခွားသီး
ငရုတ်ပွ
မုန်လာဥနီ
ငရုတ်ရှည်တောင့်
ကြက်သွန်နီ
နံနံပင် (မကြိုက်ရင် မထည့်လည်း ရပါတယ်)
မြေပဲ တို့လိုပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် သခွားသီးကို အလယ်ကအူတိုင်တွေ ထွက်သွားအောင် ဇွန်းနဲ့ ခြစ်ထုတ်လိုက်ပါ။ မြေပဲနဲ့ နှမ်းကို လှော်ပြီး ထောင်းထားပါ။ မုန်လာဥနီကို ခြစ်တံနဲ့ အမျှင်လေးတွေဖြစ်အောင် ခြစ်ထားပါ။ ငရုတ်ပွနဲ့ ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ။
သခွားသီးထောင်းထဲ ထည့်ရမယ့် အမယ်တွေ ပြင်ဆင်ပြီးပြီဆိုရင် ငရုတ်ဆုံအကြီးကြီးထဲ သံပုရာရည်၊ ငရုတ်တောင့်ရှည် ပါးပါးလှီးထည့်ပြီး အရသာအတွက် ဆား၊ သကြား၊ ယိုးဒယားငံပြာရည်၊ ငရုတ်ကောင်းနဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။ ပြီးရင် သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်ထောင်းပါ။
အရသာဝင်သွားတဲ့အထိ နှံ့အောင် ထောင်းပြီးပြီ ဆိုရင် စားမယ့်ပန်းကန်ပြား ဒါမှမဟုတ် ဇလုံထဲထည့်ပြီး နံနံပင်၊ နှမ်း၊ မြေပဲ ဖြူးလိုက်ရင် ချဉ်ငန်စပ် အရသာ သခွားသီးထောင်းလေး ရရှိပါပြီ။
Ref: Genius Kitchen