ကိုရီးယား အစားအစာကို အမှန်တကယ် ကြိုက်နှစ်သက်တဲ့သူတွေအတွက်၊ စားသုံးချင်တဲ့သူတွေ အကြိုက်တွေ့မယ့် နေပြည်တော်က “COBA Korean Grill Barbecue Restaurant” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်က နေပြည်တော်က ဒေသခံတွေ ဖြတ်သွားဖြတ်လာ လုပ်နေကျ သပြေကုန်း၊ ဧရာဝတီလမ်းမပေါ်မှာ တည်ရှိတာပါ။
ကိုရီးယားနိုင်ငံသား စာဖိုမှူးတွေ ကိုယ်တိုင်ချက်ပြုတ် ရောင်းချတာကြောင့် ဆိုင်က ဘယ်ဟင်း အမယ်ကိုပဲ မှာစားမှာစား ကိုရီးယား အနံ့အသက် ရနေမှာပါ။ ဖွင့်တာ တလကျော်ပဲ ရှိသေးပေမယ့် နေပြည်တော်ကို အလုပ်ကိစ္စနဲ့ လာရောက်ကြတဲ့ ကိုရီးယား လူမျိုးအများစု ဒီဆိုင်မှာ လာစားသောက်လေ့ရှိတယ်လို့ ဆိုင်မန်နေဂျာက ပြောပါတယ်။
ကိုရီးယားအစားအစာ မျိုးစုံရပေမယ့် အထူးတလည် ညွှန်းလိုတာက ဒီဆိုင်ရဲ့ ကိုရီးယားစတိုင် ဝက်သားကင် (Pork belly)၊ ထမင်းဖြူ နဲ့ ကင်ချီဟင်းရည် (Kimchi Stew) တို့ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ခံတွင်းနဲ့ဆိုရင် ဝက်သားကင်ပေါ်မှာ ဆမ်းထားတဲ့ အနှစ် ထမင်းနဲ့ တွဲစားဖို့ အတော်လိုက်ဖက်ပါတယ်။

အကင်နဲ့ တွဲစားဖို့ ပေးထားတဲ့ အချဉ်ကလည်း ကိုရီးယား အနံ့ အရသာနဲ့ ထုံလွှမ်းနေပါတယ်။ ဒါကိုမှ အချဉ်နဲ့ အငံ အရသာ ခပ်ပြင်းပြင်းပါတဲ့ ကင်မ်ချီဟင်းရည်နဲ့ တွဲဖက် စားလိုက်မယ် ဆိုရင် စာဖတ်သူအတွက် စားနေကျ မဟုတ်တဲ့ နေ့လည်စာ (သို့မဟုတ်)ညစာ တနပ် ဖြစ်စေမှာပါ။
ကိုရီးယား ကင်မ်ချီကို အရည်သောက်ပုံစံ ပြန်ချက်ထားတာဖြစ်ပြီး ကြက် သို့မဟုတ် ဝက်သားနဲ့ မှာနိုင်ပါတယ်။ ဟင်းရည် က တပွဲ ၆ထောင်ကျပ် ဖြစ်ပြီး ထမင်းနဲ့ အကင်အတွက်က ၅ထောင်ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီလို အကင်နဲ့ ထမင်း စားပြီးရင် တပွဲ ၂ထောင်ပဲ ကျမယ့် အာလူးကြော် စားကြည့်ဖို့လည်း ထပ်ညွှန်းချင်ပါသေးတယ်။
အာလူးချောင်းက ခပ်သေးသေး မဟုတ်ဘဲ အရွယ် လက်သုံးလုံး စာလောက်နဲ့ ခပ်ကြီးကြီး ကြော်ထားတာပါ။ အပြင်က အကြွပ်နဲ့ အတွင်းက ချိ(စ်)နဲ့ အားလူးသားအပျော့ရဲ့ အချိုအရသာကို ပေါ်လွင်အောင် ကြော်ထားတာပါ။ သာမန်စားနေကျ အာလူးချောင်း ကြော်တွေနဲ့ မတူတာမို့လို့ ရောက်ဖြစ်ရင် စားခဲ့ဖို့ ညွှန်းရတာပါ။
အခု ညွှန်းဆိုခဲ့တဲ့ အစားအစာတွေအပြင် Hot Pot စတဲ့ အခြားကိုရီးယား အစားအစာများလည်း သုံးဆောင်နိုင်ပါသေးတယ်။ Hot Pot မှာမယ် ဆိုရင်တော့ အရသာခပ်လေးလေး ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာ မဟုတ်ဘူး လို့ ပြောချင်ပါတယ်။ အချို အပေါ့ အရသာပဲ ချက်ပြုတ်ထားတာဖြစ်လို့ မြန်မာလူမျိုးတွေရဲ့ ခံတွင်းနဲ့ အကြိုက်တွေ့နိုင်မှာ မဟုတ်ပါဘူး။

ကိုရီးယားလူမျိုးဖြစ်တဲ့ ဆိုင်ရှင်ကတော့ ဒီဆိုင်ဖွင့်ရတာက ကျန်းမာရေးကို အဓိက ဦးစားပေး ချက်ပြုတ်ထားတာဖြစ်ပြီး မြန်မာလူမျိူးတွေအတွက် ဈေးမကြီးပဲနဲ့ ကိုရီးယားအစားအစာ စားသုံးနိုင်ဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဆိုင်လိပ်စာ – “COBA Korean Grill Barbecue Restaurant”
NO. S-026 ၊ သပြေကုန်းရပ်ကွက်၊ ဧရာဝတီလမ်း၊ နေပြည်တော်။