မဝေးတော့တဲ့ အနာဂတ်မှာ အာကာသယာဉ်မှူးတွေဟာ အသီးတို့ရဲ့ဘုရင် “ဒူးရင်းသီး” ကို အာကာသယာဉ်ပေါ်မှာတင် မြည်းစမ်းခွင့် ရတော့မှာပါ။
ထိုင်းနိုင်ငံရဲ့ အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီက ဒူးရင်သီးကို မီးဖုတ်ပြီး ဇူလိုင်လ အတွင်း အာကာသထဲကို ပို့လွှတ်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။ ဒါဟာ ထိုင်းအစားအစာတွေ အာကာသထဲမှာလည်း အဆင်ပြေနိုင်၊ မနိုင် လေ့လာချက်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အာကာသနည်းပညာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (GISTDA) က ဒေါက်တာ အမ်မာရင်းပင်မ်နူးက “Thai Food to Space” ပရောဂျက်အကြောင်း မီဒီယာတွေကို ရှင်းလင်းတဲ့အစီအစဉ်မှာ မီးဖုတ်ထားတဲ့ ဒူးရင်းသီးတွေ ကမ္ဘာမြေကနေ ပေးပို့ဖို့ အဆင်သင့် ဖြစ်နေတဲ့အကြောင်းကို ထည့်ပြောသွားပါတယ်။
ပေးပို့သွားမယ့် ဒူးရင်းသီး မီးဖုတ်တွေအတွက် ထိုင်းကုမ္ပဏီ နှစ်ခုက စီစဉ်ပေးထားပြီး ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီး ထွက်ရှိရာ ဒေသတွေထဲမှာ အရသာအရှိဆုံး အသီးတွေထွက်တဲ့ Monthong ဒေသကို ရွေးချယ်ခဲ့တာလို့ဆိုပါတယ်။ ဆက်လက်ပြီး GISTDA က တာဝန်ရှိသူ တဦးက ဒူးရင်းသီးတွေ ကမ္ဘာမြေပေါ်ကနေ ပို့ဆောင်ပေးမယ့် Rocket (ဒုံးပျံ) ကို အမည် မဖော်ပြတဲ့ အမေရိကန် Rocket ကုမ္ပဏီက ပို့ဆောင်ပေးမှာဖြစ်ပြီး ထိုင်းနိုင်ငံက ကုမ္ပဏီတခုလည်း အတူ ပူးပေါင်း ပါဝင်မယ်လို့ ဆိုပါတယ်။
အာကာသထဲကို ဒူးရင်းသီး မီးဖုတ်တွေပို့ရတဲ့ အဓိကရည်ရွယ်ချက်ကဘာဖြစ်နိုင်မလဲ။ ဒီမေးခွန်းရဲ့အဖြေကို GISTDA က တာဝန်ရှိသူတဦးက အခုလို ပြောပြပေးသွားပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အနံ့၊ အရသာ၊ ထုတ်ပိုးမှု ပုံစံတွေ ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာကို လေ့လာချင်တာပါ။
နောက်ပိုင်းမှ ထိုင်းနိုင်ငံကနေ အာကာသတွင်း လိုအပ်တဲ့ အစားအသောက်တွေနဲ့ နည်းပညာတွေကို အကူညီပေး နိုင်အောင် လေ့လာတဲ့ ရည်ရွယ်ချက်ပါတဲ့။ အခုပေးပို့မယ့်ထဲမှာ ဒူးရင်းသီးမီးဖုတ်အပြင် ထိုင်းနိုင်ငံရဲ့ အခုလတ်တလော ခေတ်စားနေတဲ့ အာဟာရပြည့် ကျန်းမာရေး ခရမ်းရောင်ဆန်ကိုလည်း အတူထည့်သွင်း ပေးပို့သွားမယ်လို့ သိရပါတယ်။
Ref: Coconuts Bangkok