ဗိုက်ဆာတိုင်း အချိန်လည်း မကုန် အလုပ်မရှုပ်ဘဲ အစားများကြတာ အသင့်စား ခေါက်ဆွဲခြောက်ထုတ်တွေပါ။ “ဗိုက်ဆာနေလား ၃ မိနစ်ပဲစောင့်” ဆိုသလို အချိန်ကုန် သက်သာတဲ့အပြင် စားချင်တဲ့ အရသာမျိုးစုံ ရှိနေလို့လည်း အဆင်ပြေတယ်လေ။
ဒီနေ့ပြောပြပေးမယ့် ချက်နည်းက ရိုးရိုး ခေါက်ဆွဲပြုတ်တွေနဲ့ မတူ အရသာချဉ်စပ်လေးနဲ့ စားလို့ကောင်းမယ့် ကိုရီးယားကင်မ်ချီ ခေါက်ဆွဲပြုတ် အစပ်ချက်နည်းပါ။
လိုအပ်တဲ့ ပစ္စည်းတွေက–
ဝက်သား သုံးထပ်သား
ကြက်သွန်ဖြူ
ဂျင်း
နှမ်းဆီ
ပဲငံပြာရည်
ကြက်သွန်နီ
ကင်မ်ချီ
Gochujang (ကိုရီယား ငရုတ်နှစ်)
Gochugaru (ကိုရီးယား ငရုတ်သီးမှုန့်)
အသင့်စား ခေါက်ဆွဲခြောက်ထုပ်
ကြက်ဥ
ကြက်သွန်မြိတ်တို့ လိုပါတယ်။
အရင်ဆုံး ဝက်သား သုံးထပ်သားကို အနေတော် အတုံးလေးတွေ တုံးပြီး ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီတို့နဲ့ နယ်ပြီး ၁၅ မိနစ်လောက် အရသာ သွင်းထားပါ။ ပြီးရင် မီးမျှင်းမျှင်းနဲ့ ၁၀ မိနစ်လောက် ချက်ပါ။ ကြက်သွန်နီကို ခပ်ပါးပါး လှီးပြီး နောက်ထပ် ၈ မိနစ်လောက် ထပ်ချက်ပါ။ ပြီးရင် ပန်းကန်လုံး တခုထဲ ထည့်ထားပါ။
ခေါက်ဆွဲပြုတ်မယ့်အိုးထဲ ရေသင့်တော်ရုံ ထည့်ပြီး ဆူပွက်လာရင် ခေါက်ဆွဲခြောက်ချည်းပဲကို ဘာမှ မထည့်သေးပဲ ၁ မိနစ် လောက် တည်ပြီး ရေသွန်ပစ်ပါ။ ခေါက်ဆွဲခြောက်အပေါ်က လူကို ဒုက္ခပေးနိုင်တဲ့ ဓာတ်တွေ လျော့နည်းသွားအောင်လို့ အသင့်စား ခေါက်ဆွဲခြောက်တွေ မကြာခဏ စားဖြစ်တယ်ဆိုရင် အန္တရာယ် မရှိအောင် ဒီနည်းလမ်းအတိုင်း အရင် လုပ်လိုက်တာ အကောင်းဆုံးပါပဲ။
ခေါက်ဆွဲကို ရေစစ်ထားပြီး နောက်ထပ် ရေထပ်တည်ပါ။ ဆူလာပြီဆိုရင် အရသာမှုန့်ထုပ်၊ ကင်မ်ချီ၊ ကိုရီးယား ငရုတ်နှစ်ထည့် ၂ မိနစ်လောက် ပြုတ်ပါ။ ပြီးရင် ဝက်သား သုံးထပ်သား ထည့်၊ ခေါက်ဆွဲခြောက် ထည့်ပြီး ၅ မိနစ် လောက်ပြုတ်ပါ။ မာဆတ်ဆတ်လေး ကြိုက်တယ်ဆိုရင် ၃ ၊ ၄ မိနစ်လောက်ဆို အတော်ပါပဲ။ မချခင် ကြက်ဥလေး ထည့်လိုက်ပါ။
ပြီးရင် စားမယ့် ပန်းကန်လုံးထဲ ထည့်၊ ကိုရီးယား ငရုတ်သီးမှုန့်လေးဖြူး၊ ကြက်သွန်မြိတ် လှီးထားတာလေး ထည့်စား လိုက်ရင် မိုးအေးအေးနဲ့ အချိန်လည်း မကုန်၊ အရသာလည်း ရှိတဲ့ “ရှုးရှဲအရသာ ကိုရီးယားကင်မ်ချီ ခေါက်ဆွဲပြုတ်” ရပြီပေါ့။
Ref: Shared Appetite