မိုးရာသီနဲ့ လိုက်ဖက်တဲ့ ရှူးရှဲအရသာ မှိုဟင်းရည် ချက်နည်း ပြောပြချင်ပါတယ်။ မိုးရွာတဲ့ အချိန်ဆို ချဉ်ချဉ်စပ်စပ် ဟင်းရည် တခွက်က ပူပူနွေးနွေး ထမင်းပူလေးနဲ့ အရမ်း လိုက်ဖက်လွန်းပါတယ်။ အခုလို မှိုပေါတဲ့ အချိန်မှာ ချဉ်စပ် မှိုဟင်းရည်က ခံတွင်းမြိန်အောင် ဖန်တီးပေးမှာပါ။
တခုသတိထားရမှာက မှိုဝယ်မယ်ဆိုရင် ကိုယ်စားနေကြ အမျိုးအစားပဲ ရွေးဝယ်ပါ။ မှိုအမျိုးအစား အများကြီး ရှိတဲ့အထဲက တကယ်တမ်း စားလို့ရတာ၊ အဆိပ်တောက် မရှိတဲ့ မှိုအမျိုးအစားက အနည်းငယ်ပဲ ရှိတာပါ။ ဒါကြောင့် အဆိပ်တောက် မဖြစ်အောင် မှိုဝယ်မယ်ဆိုရင် ဂရုစိုက်သင့်ပါတယ်။
ချဉ်စပ်မှို ဟင်းရည် ချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက–
မှိုမျိုးစုံ (အနည်းဆုံး ၂ မျိုး ၃ မျိုးလောက် နှစ်သက်ရာ ထည့်ပါ)
စပါးလင်
ရှောက်ရွက်
ကြက်သွန်ဖြူ
စိမ်းစားငါးပိ
သံပုရာရည်
ငရုပ်သီးစိမ်း (အစပ်ကြိုက်ရင် ကြိုက်သလောက် ထည့်နိုင်ပါတယ်)
ငရုတ်ကောင်း
ကြက်သွန်မြိတ်
ဆူးပုပ်ရွက်
ပင်စိမ်းရွက်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ဟင်းရည်အိုးထဲ ထည့်မယ့် အသီးအရွက်တွေကို တခါစား အရွယ်တော်လေးတွေ ပြင်ဆင်ပါ။ ဟင်းရည် တည်မယ့် အိုးထဲကို ရေ၊ စပါးလင်၊ ငရုပ်သီးစိမ်း၊ စိမ်းစားငါးပိ အနည်းငယ်ထည့်ပြီး ဆူပွက်လာတဲ့ထိ တည်ထားပါ။ စိမ်းစားငါးပိ ထည့်တာ မကြိုက်ရင် သူ့အစား ပဲငံပြာရည်ထည့်လို့ ရပါတယ်။
အိုးဆူလာပြီဆိုရင် ကြက်သွန်ဖြူခတ်ပြီး ရေနဲ့သန့်စင်အောင်ဆေးထားတဲ့ မှိုမျိုးစုံကိုထည့်ပါ။ ပြီးရင် ဆူးပုပ်ရွက်၊ ပင်စိမ်းရွက် ထည့်ပါ။ အပေါ့အငန်အတွက် ဆားအနည်းငယ် ထည့်ပြီး မြည်းကြည့်ပါ။ ၅ မိနစ်လောက်ကြာရင် မှိုတွေ နူးအိစပြုလာ ပါလိမ့်မယ်။
မီးဖိုပေါ်က ဟင်းချိုအိုးချခါနီးမှ ရှောက်ရွက်နဲ့ ငရုတ်ကောင်းခတ်ပါ။ သောက်မယ့် ဟင်းချို ပန်းကန်လုံးထဲကို သံပုရာရည်နဲ့ ကြက်သွန်မြိတ်လေး ခတ်လိုက်ရင် အနံ့ရတာနဲ့တင် စားချင်စိတ်ဖြစ်မယ့် ချဉ်စပ် မှိုဟင်းရည်ရပါပြီ။