ဒီတပတ်မှာတော့ ယခုခေတ် ရန်ကုန်မှာ လူကြိုက်များလာသလို၊ ရွေးချယ်စရာ ဆိုင်တွေလည်း များလာတဲ့ မိန်းကလေးတွေအကြိုက် မာလာရှမ်းကော လုပ်နည်း ပြောပြပေးချင်ပါတယ်။
မာလာရှမ်းကောကို အရမ်းကြိုက်ပေမယ့် ဆိုင်သွားစားဖို့ ကျပြန်တော့လည်း ဘတ်ဂျက် အခြေအနေကြောင့် အမြဲ မသွားနိုင်ရင် ကိုယ့်အိမ်မှာပဲ ဈေးသက်သက်သာသာနဲ့ လုပ်စားကြည့်လို့ ရတယ်နော်။ မာလာရှမ်းကောလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက ဆိုင်မှာစားသလိုပဲ ကိုယ့်အကြိုက်ဆုံးလေးတွေ ရွေးချယ်နိုင်ပါတယ်။
မာလာရှမ်းကော လုပ်မယ်ဆိုရင် မာလာဟင်းထဲမှာ ထည့်တဲ့ အစာပလာတွေလိုပဲ မာလာခေါက်ဆွဲ၊ ကြာစွယ်၊ အသီးအရွက်၊ မာလာဟင်းအနှစ်၊ ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသားလုံး စတာတွေ ရွေးချယ် ဝယ်ယူရပါမယ်။
ထည့်ချင်တဲ့ အစာပလာတွေကို စိတ်ကြိုက်ရွေးချယ်ပြီးပြီဆိုရင် သေချာသန့်စင်ပြီး အနေတော် အတုံးအပိုင်းလေးတွေ ပိုင်းပြီး နည်းနည်းနွမ်းသွားအောင် ရေနွေးဖျောထားလိုက်ပါ။ အသီးအရွက်ပဲ စားချင်တယ်ဆိုလဲ အသီးအရွက် သီးသန့် ထည့်စားနိုင်သလို၊ ပင်လယ်စာ၊ အသား၊ ငါး ကြိုက်သူတွေဆိုရင်လည်း နည်းနည်းကျက်အောင် ပြင်ဆင်ထားပါ။
မာလာအနှစ် ပြုလုပ်ဖို့ အလွယ်ဆုံးကတော့ စူပါမားကတ်တွေမှာ ရောင်းတဲ့ မာလာအနှစ်ထုပ် သုံးနိုင်သလို၊ ဟော့ပေါ့ အနှစ်ထုပ်ဆိုလည်း အဆင်ပြေပါတယ်။ အရသာပိုလေးနက်အောင် ပဲပိစပ် အနှစ်ထုပ် သုံးပါတယ်။
နောက်ထပ် လိုအပ်မယ့် ပစ္စည်းတွေက
– ဆီ
– စီချွမ် ငရုတ်ကောင်း
– ငရုတ်တောင့်ရှည်
– သစ်ကြံပိုးခေါက်
– ဖာလာစေ့
– လိမ္မော်ခွံခြောက်
– ပျဉ်းတော်သိမ်ရွက်
– နံနတ်ပွင့်
– လေညှင်းပွင့်
– ဂျင်းခြောက် စသဖြင့်လိုအပ်ပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် မာလာရှမ်းကောအတွက် ဆီသတ်ပါမယ်။ ဒယ်အိုးထဲက ဆီထည့်၊ ဆီပူလာပြီ ဆိုရင် ဟင်းခတ် အမွှေးကြိုင်တွေကို ထည့်ဆီသတ်ပါ။ မိနစ် ၂၀ လောက် ဆီသတ်ပေးလိုက်ရင် အညိုရောင် ပြောင်းသွားပါလိမ့်မယ်။ အထဲက ဟင်းခတ် အမွှေးကြိုင်တွေကို ခတ်ထုတ်ပြီး ဆီသတ်ထားတာလေးပဲ ယူပါမယ်။
ပြီးရင် မီးမျှင်းမျှင်းနဲ့ ဆီသတ်ထားတဲ့ ဆီထဲ မာလာအနှစ်ထုပ်၊ ပဲပိစပ်နှစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ထည့်ပါ။ အရောင်နီလာပြီဆိုရင် ဆီချွမ်ငရုတ်ကောင်း၊ ငရုတ်တောင့်ရှည် ထည့်ပါ။ ဆီမတူးသွားအောင် မီးအရှိန် လျော့ထားပါ။
၂ မိနစ် လောက်ကြာလို့ အားလုံး နှံ့သွားပြီဆိုရင် မာလာရှမ်းကောထဲ ထည့်မယ့် အသီးအရွက်၊ အသား၊ ငါးတွေကို ထည့်ပြီး သမအောင် မွှေပါ။ အပေါ့အငံ မြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ပူပူစပ်စပ်လေးနဲ့ အနံ့မွှေးနေတဲ့ မာလာရှမ်းကော တပွဲ ရပါပြီ။ အခုလို ရာသီ မိုးအေးအေးမှာ ထမင်းပူပူလေးနဲ့ တွဲစားရင် အလွန် လိုက်ဖက်မှု ရှိပါတယ်။
Ref: The Works of Life