နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲမှာ တွဲဖက်စားသုံးတဲ့အခါ ကျန်းမာရေးဆိုးကျိုးတွေ ပေးတဲ့ တွဲဖက် မစားသုံး သင့်တဲ့ အစားအစာတွေရှိသလို တွဲဖက်စားသုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို ပိုမိုအထောက်အကူပြုနိုင်တဲ့ အစားအစာတွေ ရှိပါတယ်။
ဒါကြောင့်မို့လို့ တွဲဖက်စားခြင်းအားဖြင့် ကျန်းမာရေးကို အကျိုးပြုစေတဲ့ အစားအစာတွေ အကြောင်း ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ပန်းသီးနဲ့ ဘယ်ရီသီး
ပန်းသီးနဲ့ ဘယ်ရီသီးကို တွဲဖက်စားသုံးပေးခြင်းဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။ Antioxidant ကြွယ်ဝတဲ့ အသီးအနှံတွေ ဖြစ်တာကြောင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာနဲ့ အူမကြီးကင်ဆာ စတဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကို ၄၀ ရာခိုင်နှုန်းခန့် အထိ လျှော့ချပေး နိုင်ပါတယ်။
(၂) ကြက်သွန်နဲ့ ဆင်ခေါင်းပဲ
၂၀၁၀ ခုနှစ်မှာ ပြုလုပ်တဲ့ လေ့လာချက်တွေအရ ကြက်သွန်မှာပါတဲ့ ဆာလဖိတ်ဓာတ်နဲ့ ဆင်ခေါင်းပဲမှာ ပါဝင်တဲ့ သံဓာတ် တို့ဟာ တနေ့တာအတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို အပြည့်အဝ ဖြည့်တင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
(၃) တိုဟူးနဲ့ ငရုတ်ပွသီး
တိုဟူးမှာ ပါဝင်တဲ့ Capsaicin ဆိုတဲ့ ဓာတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ကိုရီးယားနိုင်ငံက သုတေသီတွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ တိုဟူးနဲ့ ငရုတ်ပွသီးကို တွဲဖက်စားသုံးပေးခြင်းဟာ နာတာရှည် ရောင်ရမ်းမှုရောဂါတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
(၄) ဒိန်ချဉ်နဲ့ ငှက်ပျောသီး
ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်တဲ့ ငှက်ပျောသီးနဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့ ဒိန်ချဉ်တို့ကို လေ့ကျင့်ခန်း လုပ်ပြီးချိန်နဲ့ လှုပ်လှုပ်ရှားရှား လုပ်ပြီးချိန်တွေမှာ စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) လက်ဖက်စိမ်း ရေနွေးကြမ်းနဲ့ သံပုရာရည်
ဂျပန်နိုင်ငံက သုတေသီတွေရဲ့လေ့လာချက်တွေအရ လက်ဖက်စိမ်း ရေနွေးကြမ်းနဲ့ သံပုရာရည်တို့ကို တွဲဖက် သောက်သုံးပေးခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ နှလုံးရောဂါဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
Ref : www.rd.com/health