နေ့စဉ် နေထိုင် စားသောက်မှုပုံစံမှာ ဆိုဒါပါဝင်တဲ့ အချိုရည်တွေကို သောက်သုံးမှုနှုန်း မြင့်တက်လာပါတယ်။ ဆိုဒါ အချိုရည်တွေဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဓာတ်တွေ မပါဝင်ဘဲ ဘာကြောင့် ဆိုဒါ အချိုရည်တွေကို ရှောင်ကြဉ်သင့်လဲဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ရေးသား ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆိုဒါအချိုရည်တွေမှာ ပြုပြင်ဖန်တီးထားတဲ့ သကြားဓာတ်တွေ မြင့်မားစွာ ပါဝင်တာကြောင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်တဲ့အပြင် ဆီးချိုဝေဒနာရှင်တွေ သောက်သုံးဖို့ မသင့်တော်တဲ့ ဖျော်ရည်တမျိုးပဲ ဖြစ်ပါတယ်။
(၂) ဆိုဒါအချိုရည်မှာ ပါဝင်တဲ့ အမြှုပ်သေးသေးလေးတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အစာအိမ်ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
(၃) ဆိုဒါအချိုရည်တွေမှာ ကဖင်းဓာတ်၊ ဆိုဒီယမ်နဲ့ သကြားဓာတ်များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ခမ်း ခြောက်စေနိုင်ပါတယ်။ ဒါကြောင့် ရေဆာနေတဲ့အချိန်တွေမှာ ရေအစား ဆိုဒါပါဝင်တဲ့ အချိုရည်တွေ သောက်သုံးခြင်းကို မပြုလုပ်သင့်ပါဘူး။
(၄) ဆိုဒါအချိုရည်မှာ ပါဝင်တဲ့ သကြားဓာတ်ဟာ ခံတွင်းထဲကို ရောက်သွားတဲ့အခါ အက်ဆစ်ဓာတ် တမျိုးအဖြစ် အသွင် ပြောင်းသွားပြီး မကြာခဏ သောက်သုံးမယ်ဆိုရင် ခံတွင်းရောဂါနဲ့ သွားတွေကို ပျက်စီးစေနိုင်ပါတယ်။
(၅) ဆိုဒါအချိုရည်ကို တနေ့တဘူး ပုံမှန်သောက်သုံးတဲ့ လူပေါင်း ၁၅၅၀ ကိုသုတေသန ပြုလုပ်ကြည့်တဲ့အခါ ၄၁ ရာခိုင်နှုန်းဟာ အဝလွန်ရောဂါကို ခံစားရကြောင်း တွေ့ရှိရပါတယ်။ ဆိုဒါမှာ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်ဟာ အလွန်အမင်း အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး ဆိုဒါရဲ့ အချိုအရသာဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက် စေတာကြောင့် အဝ လွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၆) ဆိုဒါအချိုရည်တွေဟာ သောက်ရတာ အရသာရှိပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓာတ် တခုမှ မပါဝင်ဘူး လို့ အာဟာရဆိုင်ရာ သုတေသီတွေက ဆိုပါတယ်။
(၇) ဆိုဒါအချိုရည်တွေမှာ ပါဝင်တဲ့ Phosphoric အက်ဆစ်ဟာ ခန္ဓာကိုယ်တွင်းက ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင် စွမ်းရှိတာကြောင့် အရိုးပွရောဂါနဲ့ အရိုးနဲ့ပက်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref : www.rd.com