နေ့တိုင်း ထမင်းနဲ့ ဟင်းပဲ စားနေရတာ မစားချင်တော့ဘူး၊ ပျင်းလာပြီဆိုရင် ပိတ်ရက်မှာ အပြောင်းအလဲ ဖြစ်အောင် အနောက်တိုင်း အစားအစာ ချက်စားကြည့်ရအောင်။
အနောက်တိုင်း အစားအစာဆိုလို့ ကိုယ်နဲ့ ခံတွင်းမတွေ့မှာ မစိုးရိမ်လိုက်ပါနဲ့။ လုပ်ရတာလည်း လွယ်ပြီး ကလေးရော၊ လူကြီးပါ အကြိုက်တွေ့ကြမယ့်အပြင် အသား၊ ငါးတွေလည်း မပါတော့ ပြင်ဆင်ချက်ပြုတ်ချိန် အများကြီး မလိုပါဘူး။ အီတလီ အစားအစာတမျိုးဖြစ်တဲ့ ပါစတာလုပ်နည်းတွေထဲက မိုးတွင်းမှာ အလွယ်တကူ ဝယ်လို့ရပြီး အားလုံးလည်း အကြိုက်တွေ့မယ့် သံလွင်ဆီနဲ့ “မှှိုပါစတာ” လုပ်နည်း မျှဝေပေးချင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေက —
ရှီတာကဲမှို (Shiitake Mushrooms) သူ့အစား တခြား မှိုအမျိုးအစား ကြိုက်ရင်လည်း သုံးနိုင်ပါတယ်။
ဆား
သံလွင်ဆီ
ပါစတာခေါက်ဆွဲ
ကြက်သွန်ဖြူ (ထောင်းထားတာ အနည်းငယ်)
ငရုတ်ကောင်း
Parsley
Parmesan Cheese တို့ လိုပါတယ်။
အရင်ဆုံး ထည့်ချက်မယ့် မှိုကို ရေနဲ့ သေချာသန့်စင်ပြီး ခပ်ပါးပါး လှီးထားပါ။ ပြီးရင် ပါစတာခေါက်ဆွဲကို ပြုတ်ဖို့ ပြင်ဆင်ပါတယ်။ ပြုတ်မယ့်အိုး ဆူလာပြီဆိုရင် ဆားအနည်းငယ်၊ သံလွင်ဆီ အနည်းငယ် ထည့်ပြီးမှ ခေါက်ဆွဲကို ပြုတ်ပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ကြာရင် ပြုတ်ထားတဲ့ ခေါက်ဆွဲကို စမ်းကြည့်ပါ။ အနေတော်ဆိုရင် ရေစစ်ပြီး ခဏ ဖယ်ထားပါ။
ခေါက်ဆွဲ ပြုတ်နေတဲ့အချိန်မှာ ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ပူလာပြီဆိုရင် သံလွင်ဆီ အနည်းငယ် ထည့်ပြီး အပူပေးပါ။ ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ အနည်းငယ် ထည့်ပြီး ဆီသတ်ပါ။ မွှေးလာပြီဆိုရင် လှီးထားတဲ့ မှိုကို ထည့်ပါ။
မှိုတွေ နွမ်းသွားပြီဆိုရင် ပြုတ်ထားတဲ့ ပါစတာခေါက်ဆွဲကို ဒယ်အိုးထဲ ရောထည့်လိုက်ပါ။ အရသာအတွက် ဆား အနည်းငယ်နဲ့ အနံ့မွှေးအောင် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ ၁၀ မိနစ် ချက်လိုက်ရင် စားဖို့အဆင်သင့် ဖြစ်ပါပြီ။
အားလုံးပြီးရင် စားမယ့် ပန်းကန်ထဲ ပြောင်းထည့်ပြီး ကြိုက်ရင် Parsely ရွက် အနည်းငယ် ချေထည့်ပါ၊ ပြီးနောက် အပေါ်က Parmesan Cheese ဖြူးလိုက်ရင် သံလွင်ဆီနံ့လေးရယ်၊ စားလိုက်တိုင်း အိသွားမယ့် မှိုရယ်၊ ဖြူးထားတဲ့ ချိစ်ကြောင့် ဆိမ့်တဲ့ အရသာရယ် အားလုံးကို တပြိုင်တည်း ခံစားနိုင်မယ့် သံလွင်ဆီနဲ့ “မှိုပါစတာ” ရပါပြီ။
Ref: Kimi Food and Table