အဖြစ်များတဲ့ ကင်ဆာရောဂါတွေထဲမှာ ရင်သားကင်ဆာရောဂါက တခုအပါအဝင်ပါ။ ဒါကြောင့်မို့လို့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
(၁) သံလွင်ဆီ
၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တွေအရ တနေ့ကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်းခန့် စားသုံးပေးခြင်းဟာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို ၆၈ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာဆိုရင်လည်း သံလွင်ဆီ တနေ့ကို လက်ဖက်ရည်ဇွန်း တဇွန်းခွဲခန့် စားသုံးပေးတဲ့ အမျိုးသမီး တွေဟာ လုံးဝ မစားသုံးတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ ဖော်ပြထားပါတယ်။
(၂) ဆယ်လ်မွန်ငါးနှင့် အဆီဓာတ်များသော ငါးများ
ဆယ်လ်မွန်၊ ဆာဒင်းနဲ့ တခြားသော အဆီဓာတ်ပါဝင်မှုနှုန်းများတဲ့ ငါးတွေမှာ omega-3 fatty acid များစွာ ပါဝင်ပါတယ်။ omega-3 fatty acid ဟာ ခန္ဓာကိုယ်တွင်းအဂါၤတွေ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ ကင်ဆာရောဂါကုသရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် သုတေသန ပြုချက်တွေမှာ ဖော်ပြထားပါတယ်။
(၃) စတော်ဘယ်ရီအပါအဝင် ဘယ်ရီသီးများ
စတော်ဘယ်ရီအပါအဝင် ဘယ်ရီသီးမျိုးနွယ်ဝင် အသီးအနှံတွေမှာ antioxidant နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေနဲ့ ဖြစ်ပွားနေသူတွေမှာ ဆိုရင်လည်း ကင်ဆာဆဲလ်တွေ ပျံ့နှံ့ခြင်းကို ရပ်တန့်ပေးနိုင်ပါတယ်။
(၄) ပဲပုပ်စေ့ အပါအဝင် ပဲအမျိုးမျိုး
ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရ ပဲပုပ်စေ့ အပါအဝင် ပဲအမျိုးမျိုးတို့မှာ Isoflavone ဆိုတဲ့ antioxidant တမျိုးပါဝင်ပြီး အဲဒီဓာတ်ဟာ ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားနေသူတွေမှာဆိုရင် ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့အပြင် ကင်ဆာဆေး တွေကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကိုပါ ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
Ref : www.goodhousekeeping.com