ချိစ်အရသာ ဆိမ့်ဆိမ့်လေးရယ်၊ ဘလူးဘယ်ရီသီးရဲ့ ခါးသက်သက် အရသာနှစ်ခုကို တွဲဖက်ထားတဲ့ Buleberry ချိစ်ကိတ်ကို အိမ်မှာပဲ ကိုယ်တိုင်အလွယ်တကူ လုပ်စား ကြည့်ရအောင်။
အချိုပွဲ အနေနဲ့ပဲစားစား နေ့လည်နေ့ခင်း ကော်ဖီ၊ လက်ဖက်ရည်နဲ့ပဲ စားဦးမလား။ အရမ်းကို လိုက်ဖက်မှု ရှိပါတယ်။ ဘယ်လူးဘယ်ရီ ချိစ်ကိတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့–
– ခရက်ကာ မုန့်ကြွပ်
– ထောပတ်
– ချိစ်
– သကြား
– ကြက်ဥ
– ခရင်မ်
– သံပုရိုသီး
– ဂျုံမှုန့်
– ရယ်ဒီမိတ် ဘလူးဘယ်ရီ အနှစ်တို့ လိုပါတယ်။
အရင်ဆုံး ခရက်ကာ မုန့်ကြွပ်တွေကို ချေပစ်လိုက်ပါ။ ချေထားတဲ့ မုန့်ကြွပ်တွေကို သကြား၊ ထောပတ်တွေနဲ့ ရောပြီး ပန်ကန်းလုံး ခပ်ကြီးကြီးတခုထဲမှာ ရောမွှေပါ။ မွှေထားတဲ့ အနှစ်တွေကို ၆ လက်မ ပတ်လည် ဒယ်အိုးပုံစံ အဝိုင်းပြားထဲ ထည့်ပြီး အဝိုင်းပုံ ညီညီညာညာ ထွက်လာအောင် ပုံသွင်းလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံထားပါ။
ချိစ်ခရင်မ်ထဲကို အချိုအရသာအတွက် သကြားထည့်ပါ။ ပြီးရင် ကြက်ဥဖောက်ထည့်၊ ခရင်မ်၊ သံပုရိုသီး အနည်းငယ်ညှစ်၊ ဂျုံမှုန့်တို့ကို ရောပြီး သေချာမွှေပေးပါ။ ရလာတဲ့ အနှစ်ကို ရေခဲသေတ္တာထဲ အအေးခံထားတဲ့ မုန့်အဝိုင်းကို အောက်ခြေ အဖြစ်ထားပြီး အပေါ်က ချိစ်နဲ့ရောထားတဲ့ အနှစ်ကို ထပ်တင်ပြီး အပူချိန် ၄၀၀ ဖာရင်ဟိုက်နဲ့ ၁၀ မိနစ်လောက် ခဏ ဖုတ်လိုက်ပါ။
ပြီးနောက် အပူချိန်နည်းနည်း ထပ်လျှော့ပြီး အပူချိန် ၃၂၅ ဖာရင်ဟိုက်နဲ့ နောက်ထပ် မိနစ် ၃၀ ၊ ၄၀ လောက် oven မှာ ထပ်ဖုတ်ပါ။ အချိန်ပြည့်သွားရင် oven ထဲက မထုတ်ဘဲ ၁ နာရီလောက် စက်ထဲမှာပဲ ခဏ ဆက်ထားပါ။ အချိန် ၁ နာရီ ပြည့်ရင် အပြင်ကိုထုတ်ပြီး ပန်းကန်ထဲထည့် အအေးခံပါ။
နောက်ဆုံး ရေခဲသေတ္တာထဲထည့်ပြီး ၄ နာရီလောက် အအေးခံလိုက်ပါ။ စားခါနီးကျမှ ထုတ်ပြီး ကိတ်မုန့်ပေါ်ကို ရယ်ဒီမိတ် ဘလူးဘယ်ရီအနှစ်လေး ဆမ်းလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းမယ့် “Blueberry ချိစ်ကိတ်လေး” ရရှိနိုင်ပါပြီ။
Ref: Yummy