ဒီတပတ် ရုံးပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့စုပြီး ကိုရီးယား သရေစာမုန့်လေး လုပ်စားရအောင်။ ကိုရီးယားမှာတော့ အရောင်းရဆုံး မုန့်ဖြစ်တဲ့ “တော့ပုကီ (tteokbokki)” ကို ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။ အထူးသဖြင့် အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းသားလေးတွေ မုန့်ဈေးတန်းမှာ မရှိမဖြစ် အစားအစာပါပဲ။
တနေရာနဲ့ တနေရာ “တော့ပုကီ ချက်နည်း” ကွဲကြပေမယ့် မူလပုံစံနဲ့ အနီးစပ်ဆုံး ဖြစ်ပြီး ရိုးရှင်းတဲ့ “တော့ပုကီ လုပ်နည်း” ဝေမျှပေးချင်ပါတယ်။ အရင်ဆုံး “တော့ပုကီ” ချက်စားဖို့ လိုအပ်တဲ့ ပစ္စည်းတွေဝယ်မယ်ဆိုရင် စီးတီးမတ်တို့ Ocean စူပါးမားကတ်တွေမှာ ဝယ်ယူနိုင်ပါတယ်။
ကိုရီးယားက တိုက်ရိုက်လာတဲ့ ငရုတ်နှစ်ထုတ်တွေ ရှိနေပြီမို့ ဒီနည်းလမ်းလေးအတိုင်း ချက်မယ်ဆိုရင် အရသာ တထပ်တည်း ကျမှာပါ။
လိုအပ်တဲ့ပစ္စည်းတွေက–
Rice Cake (ကိုရီးယားဆန်မုန့် / တော့ပုကီ)
Dried Mix Seafood Dashi (ကိုရီးယားပင်လယ်ငါးခြောက်မှုန့်) (မရရင် ကြက်သားမှုန့် အနည်းငယ် ထည့်ပါ)
Gochujang (ကိုရီးယား ငရုတ်နှစ်ထုပ်)
ပဲငံပြာရည် အကြည်
သကြား
Gochugaru (ကိုရီးယား ငရုတ်မှုန့်ထုပ်) (အစပ် မကြိုက်ရင် မထည့်လည်း ရပါတယ်)
ငါးအသားပြား
ကြက်သွန်မြိတ်
ကြက်ဥပြုတ် တို့လိုပါတယ်။
ပစ္စည်းအားလုံးစုံပြီဆိုရင် အရင်ဆုံး ဆန်မုန့်ချောင်းတွေကို ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် စိမ်ထားပါ။ ဒီလိုလေး စိမ်ထားရင် ပြန်ချက်လိုက်တဲ့အခါ ဝါးလို့ ပိုကောင်းပါတယ်။ ဆန်မုန့်တွေ စိမ်ထားတုန်းမှာ ရေနွေး တည်ထားပါ။
တည်ထားတဲ့ အိုးထဲကို ပင်လယ် ငါးခြောက်မှုန့်၊ ငရုတ်နှစ်၊ ပဲငံပြာရည်နဲ့ သကြားထည့်ပြီး ပွက်ပွက်ဆူလာအောင် စောင့်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင် ခုနက ရေစိမ်ထားတဲ့ ဆန်မုန့်တွေကို ဆယ်ပြီး အိုးထဲ ထည့်လိုက်ပါ။
ဆန့်မုန့်တွေထည့်ပြီး ၅ မိနစ်လောက်ကြာရင် ငါးအသားပြားတွေကို အနေတော်အရွယ် လှီးထားတဲ့အတိုင်း ထည့်ပါ။ အစပ်ကြိုက်တဲ့သူက ငရုတ်မှုန့် အနည်းငယ်ထည့်ပါ။ အရည် ပြစ်လာအောင် ၄ မိနစ်လောက် တည်ပါ။ အိုးမကပ်အောင် တခါတလေ မွှေပေးပါ။
အရည် ပျစ်ခဲခဲလေး ဖြစ်သွားပြီဆိုရင် မီးငြိမ်းလိုက်ပြီး ကြက်သွန်မြိတ် ပါးပါးလှီးထားတာ အပေါ်က ဖြူးလိုက်ပါ။ ကြိုက်တယ် ဆိုရင် နှမ်းစေ့ပါ ဖြူးပါ။
အားလုံးပြီးသွားပြီဆိုရင် စားမယ့်ပန်းကန်းထဲထည့် ကြက်ဥပြုတ်ကို ထပ်ခြမ်း ခြမ်းပြီး တွဲဖက်စားနိုင်ပါပြီ။
Ref: Seon Kyoung Longest