ယိုးဒယားအစားအစာ ချဉ်ငံစပ်ကြိုက်သူတွေအတွက် ဆိုင်ရောက်တာနဲ့ မဖြစ်မနေ စားဖြစ်ကြတဲ့ထဲမှာ ပဲကြာဆံသုပ်လည်း တခုအပါအဝင်ပါ။ ချဉ်ငံစပ်အရသာနဲ့ စားလိုက်တိုင်း ခံတွင်းရှင်းပြီး စားပြီးရင်း စားချင် ခံတွင်းမြိန်စေတဲ့ ပဲကြာဆံသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကလဲ ပြင်ဆင်ရတာလွယ်ပါတယ်။ ပဲကြာဆံကို ဒီအတိုင်း သုပ်နိုင်သလို ပင်လယ်စာကြိုက်သူတွေဆိုရင် ပုဇွန်၊ ပြည်ကြီးငါး၊ ကင်းမွန် ထပ်ထည့်သုပ်နိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
ပဲကြာဆံ – ၄၀ ဂရမ်
ပုဇွန်ခြောက် – ၉ ကောင်
ငရုတ်သီး – အနည်းငယ်
ချယ်ရီခရမ်းချဉ်သီး – အနည်းငယ်
ကြက်သွန်နီ – ၁ ဥ
တရုတ်နံနံ – အနည်းငယ်
ပုဇွန်အစိမ်း – ၆ ကောင်
ဝက်သားစဉ်းကော – ခွက်တဝက် (မစားရင် မထည့်လည်း ရပါတယ်)
မြေပဲ – ခွက် ၄ ပုံ ၁ ပုံ
ယိုးဒယား ငံပြာရည်
သံပုရာသီး
သကြား လိုအပ်ပါတယ်။
အရင်ဆုံး ထည့်မယ်ပစ္စည်းတွေ ပြင်ဆင်ပြီးပြီဆိုရင် အရင်ဆုံး ပဲကြာဆံ ပျော့သွားအောင် ရေထဲ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် စိမ်ထားပါ။ အသုပ်ထဲထည့်မယ့် အစာပလာတွေကို သကြားထည့်ပြီး အရသာသွင်းထားပါ။ ပုဇွန်ခြောက်နဲ့ ငရုတ်သီးတောင့် ကိုရောပြီး ကြိတ်ပါ။
ကြိတ်ထားတဲ့ ပုဇွန်ခြောက်မှုန့်ကို ချယ်ရီ ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ တရုတ်နံနံထဲ ရောထည့်လိုက်ပါ။ ဝက်သားစဉ်းကောနဲ့ ပုဇွန်ထုပ်ကို ကျက်သွားအောင် ချက်လိုက်ပါ။ ပြီးရင် ရေစိမ်ထားတဲ့ ပဲကြာဇံကို ရေပွက် ပွက်ဆူတဲ့ထဲ ၂ မိနစ်၊ ၃ မိနစ်လောက် ပြုတ်ပါ။ အနေတော်လောက်ဆိုရင် ရေစစ်ပြီး ရေအေးနဲ့စိမ်ထားပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဇလုံထဲ ပဲကြာဇံ၊ ပုဇွန်၊ ဝက်သားစဉ်းကော၊ ချယ်ရီခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တရုတ်နံနံနဲ့ ပုဇွန်ခြောက်မှုန့်၊ အစပ်ကြိုက်ရင် ငရုတ်သီးတောင့် လှီးထည့်ပြီး ငံပြာရည်၊ သကြားအနည်းငယ် ထည့်၊ သံပုရာသီးညှစ်ပြီး နှံ့အောင်မွှေပါ။
အားလုံးပြီးသွားရင် အပေါ်ကနေ မြေပဲထောင်းထားတာလေး ဖြူး လိုက်မယ်ဆိုရင် ခံတွင်းရှင်းပြီး ထမင်းစား မြိန်စေမယ့် ထိုင်းစတိုင်ပဲ ပဲကြာဆံသုပ်တပွဲ ရပြီပေါ့။
Ref: Hot Thai Kitchen