ယခုနောက်ပိုင်းမှာ ခရီးသည်တွေက အာရှနိုင်ငံတွေကို သွားရောက် လည်ပတ်မှု များလာသလို အစားအသောက် ပိုင်းမှာ ဆိုရင်လည်း စားချင်စဖွယ် သရေစာ အချိုပွဲတွေ များပြားလာတာကြောင့် နိုင်ငံခြား ခရီးသည်တွေ လာရောက်လည်ပတ်မှုများအောင် နိုင်ငံတွေက အစားအသောက်တွေနဲ့ ဆွဲဆောင်လေ့ ရှိကြပါတယ်။
အာရှနိုင်ငံတွေကို သွားလည်တဲ့အခါ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) Dardar Gulang
“Dardar Gulang” လို့ခေါ်တဲ့ အစားအစာဟာဆိုရင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာတော့ နာမည်အကြီးဆုံးနဲ့ စားလို့ အကောင်းဆုံး အချိုပွဲတမျိုး ဖြစ်ပါတယ်။ မုန့်အတွင်းသားထဲမှာ သကြားနဲ့ အုန်းသီးကို အဓိကထားပြီး အပြင်ဘက်ကနေ Pandanus အရွက်နဲ့ လိပ်ထားတဲ့ အချိုမုန့်တမျိုး ဖြစ်တာကြောင့် အချိုကြိုက်သူ တွေအနေနဲ့ စမ်းသပ် စားကြည့်သင့်ပါတယ်။
(၂) အုန်းသီး ရေခဲမုန့်
အာရှနိုင်ငံတွေဟာ အုန်းသီးပေါများတဲ့ နိုင်ငံဖြစ်တယ်ဆိုပေမယ့် ပင်မ ထွက်ရှိရာဒေသကတော့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ စားသောက် လည်ပတ်စရာ ပေါများတဲ့ ထိုင်းနိုင်ငံကို ရောက်ရင်တော့ အရသာ ထူးကဲလှတဲ့ အုန်းသီးနဲ့ ပြုလုပ်ထားတဲ့ အုန်းသီးရေခဲမုန့်ကို မဖြစ်မနေ စားသင့်ပါတယ်။
(၃) Nam Krok
ကမ္ဘောဒီးယားနိုင်ငံရဲ့ သရေစာတမျိုးဖြစ်တဲ့ “Nam Krok” ကတော့ မြန်မာနိုင်ငံက မုန့်လင်မယားနဲ့ ပုံစံ ဆင်တူပြီး ဆန်မှုန့်၊ အုန်းနို့၊ သကြားနဲ့ ကြက်သွန်မြိတ်တို့ကို အသုံးပြုထားတဲ့ စားကောင်းလှတဲ့ သရေစာတမျိုးပဲ ဖြစ်ပါတယ်။
(၄) Mochi
ဂျပန်နိုင်ငံက “Mochi” လို့ခေါ်တဲ့ ချစ်စရာမုန့်လုံးလုံးလေးတွေကိုတော့ ဆန်မှုန့်နဲ့ အဓိကထားပြီး ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ အရသာထူးကဲကလှတဲ့ ဒီမုန့်ကိုတော့ ဂျပန်လူမျိုးအများစုက နှစ်သစ်ကူးပွဲတော်တွေမှာ အဓိကထား ရောင်းချစားသုံးကြပေမယ့် တနှစ်ပတ်လုံးရနိုင်တဲ့ သရေစာမုန့်ဖြစ်တာကြောင့် ဂျပန်ကိုရောက်တဲ့အခါ စားသုံး ကြည့်သင့်ပါတယ်။
(၅) ရေခဲသုပ်
မလေးရှားနိုင်ငံကို သွားရောက်လည်ပတ်တဲ့အခါ မလေးရှားနိုင်ငံက ထွက်တဲ့ ပဲနဲ့ပြုလုပ်ထားတဲ့ ရေခဲသုပ်ကို စားကြည့်သင့်ပါတယ်။ ရေခဲခြစ်ထဲမှာ နို့ဆီ၊ သာကူစိ၊ ပဲစေ့နဲ့ ကျောက်ကျော အဖတ်လေးတွေနဲ့ ပြုလုပ်ထားတဲ့ အဲဒီ ရေခဲသုပ်ကတော့ ရေခဲသုပ်ကြိုက်သူတွေ မြည်းစမ်း ကြည့်သင့်တဲ့ သရေစာတမျိုးပဲ ဖြစ်ပါတယ်။
Ref ; www.businessinsider.com