ဝမ်းဗိုက်ကအဆီပိုတွေကို လျှော့ချဖို့အတွက် အစားအစာတွေ ရှောင်ကြဉ်ဖို့ မလိုအပ်ပါဘူး။ ပုံမှန်စားသောက်နေကျ အစားအစာတချို့ကပဲ ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးနိုင်တာကြောင့် ဧရာဝတီရဲ့စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) အသီးအရွက်တွေတိုင်းက အဆီပိုတွေကို လျှော့ချပေးနိုင်တယ်ဆိုပေမယ့် အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ Antioxidant ကြွယ်ဝတဲ့ အသီးအနှံတွေကသာ ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ကစီဓာတ်နဲ့ Carbohydrate ကြွယ်ဝတဲ့ အစားအစာတွေဟာ ဝမ်းဗိုက်မှာ အဆီစုခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်၊ ခရမ်းသီး၊ သခွားသီး နဲ့ ခရမ်းချဉ်သီးတို့ဟာ ဝမ်းဗိုက်က အဆီပိုတွေ အတွက် အကောင်းဆုံးအစားအစာတွေပဲ ဖြစ်ပါတယ်။
(၂) အချိုဓာတ်များတဲ့ အသီးအနံှအများစုဟာ အဆီပိုတွေကိုသာ ပိုမိုဖြစ်ပေါ်စေနိုင်တာမှန်ပေမယ့် ငှက်ပျောသီး၊ ဘယ်ရီသီး၊ နာနတ်သီးနဲ့ စပျစ်သီး စတဲ့အသီးအနှံတွေကတော့ ဝမ်းဗိုက်က အဆီပိုတွေအတွက် အကောင်းဆုံး အစားအစာတွေပဲ ဖြစ်ပါတယ်။
(၃) Sulforaphane ဓာတ်ကြွယ်ဝတဲ့ ဂေါ်ဖီမျိုးနွယ်ဝင် အသီးအနှံတွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီထုပ်တို့ဟာ ဝမ်းဗိုက်ကအဆီပိုတွေကို ကျဆင်းစေနိုင်တဲ့အပြင် အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်အောင် လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) အချဉ်ဖောက်ထားတဲ့ အစားအစာအများစုဟာ ဝမ်းဗိုက်က အဆီပိုတွေကြောင့် စိတ်ညစ်နေသူတွေအတွက်တော့ အကောင်းဆုံးအစားအစာပဲ ဖြစ်ပါတယ်။ အသီးအနှံတွေကို အချဉ်ဖောက်တဲ့အခါ ထွက်ရှိလာတဲ့ ဘက်တီးရီးယားတွေဟာ ဝမ်းဗိုက်က အဆီပိုတွေကို ကျဆင်းစေနိုင်ပါတယ်။
(၅) အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေတဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝပြီး အစေ့အဆန်နဲ့ အခွံမာသီးတွေမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ အဆီပိုဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ သစ်ကြားသီး၊ဖရုံစေ့၊နေကြာစေ့၊ ဗာဒံစေ့နဲ့ နှမ်းတို့ဟာ ဝမ်းဗိုက်က အဆီပိုတွေကိုကျဆင်းစေနိုင်တဲ့ အကောင်းဆုံးသောအစားအစာတွေပဲ ဖြစ်ပါတယ်။
Ref ; www.rd.com