အမေရိကန်နိုင်ငံက အရေပြားဆိုင်ရာ သိပ္ပံပညာရှင် Ariel Ostad ရဲ့ သုတေသန လေ့လာချက် တွေအရ တွေ့ရှိခဲ့တဲ့ အိုမင်းရင့်ရော်မှုနှုန်းကို မြန်ဆန်စေတဲ့ အစားအစာတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ကော်ဖီ
သင့်မနက်ခင်းတိုင်းမှာ မပါမဖြစ် သောက်သုံးနေတဲ့ ကော်ဖီဟာ ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေပြီး အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေကာ အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ကော်ဖီမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ တချို့သော အချက်တွေရှိပေမယ့် အလှအပကို ဂရုစိုက်တတ်သူတွေ အနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။
(၂) ပူပူစပ်စပ် အစားအစာများ
ပူပူစပ်စပ် အစားအစာတွေဟာ မျက်နှာအသားအရေပေါ်က သွေးကြောငယ်လေးတွေကို ကျဉ်းမြောင်းစေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အစပ်ကို လုံးဝမစားသင့်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပေမယ့် အလွန်အကျွံ စားသုံးခြင်းကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။
(၃) အချိုဓာတ် လွန်ကဲတဲ့ အစားအစာများ
အချိုဓာတ်ကဲတဲ့ အစားအစာတွေဟာဆိုရင်လည်း မျက်နှာအသားအရေကို တင်းရင်းနုပျိုစေတဲ့ ကော်လဂျင် ထွက်ရှိမှုကို ဟန့်တားပေးနိုင်တာကြောင့် သင့်ကို မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။
(၄) ဆားပါဝင်မှုများသော အစားအစာများ
ဆားပါဝင်မှုများတဲ့ အစားအစာတွေဟာ ရေဓာတ်ကို ခမ်းခြောက်စေပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကို ထင်ရှားပေါ်လွင်စေနိုင်တာကြောင့် အသားအရေအလှအပကို ဂရုစိုက်သူတွေ အနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။
(၅) အသင့်စား အစားအစာများ
အသင့်စား အစားအစာတွေဟာဆိုရင် အသားအရေအတွက်ရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာ သိကြမှာပါ။ အသင့်စား အစားအစာတွေ အစားများခြင်းဟာ အိုမင်းရင့်ရော်မှုနှုန်း Aging Rate ကို မြန်ဆန်စေပါတယ်။
(၆) အနီရောင် အသားများ
အနီရောင်အသားတွေမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ မျက်နှာအသားအရေတွင်းက ကော်လဂျင် ထုတ်လွှတ်မှုကို နှောင့်နှေးစေနိုင်တဲ့အပြင် အရေပြားတင်းရင်းနုပျိုမှုကို ကူညီပေးတဲ့ ဆဲလ်တွေကိုပါ လျော့ပါးစေနိုင်ပါတယ်။
Ref : www.lifegate.com