ဟင်းတွေထဲ ထည့်ချက်လေ့ရှိကြတဲ့ ရွှေပဲသီးကို မကြာခဏ စားဖြစ်ကြမှာပါ။ ရွှေပဲသီးက အသီးအရွက်ကြော်ထဲပဲ ထည့်ထည့်၊ အသုပ်ပဲ သုပ်စားစား ၊ ဒီအတိုင်း ရေနွေးဖျောပြီး တို့စား စသဖြင့် အမျိုးမျိုး လုပ်စားနိုင်သလို ကျန်းမာရေးအကျိုး ကျေးဇူးတွေလည်း အများကြီးရှိပါတယ်။
ရွှေပဲသီးက အထူးသဖြင့် တရုတ်အစားအစာတွေမှာ အများဆုံးတွေ့ရာကနေ အခုတော့ ကမ္ဘာ့အနှံ့ ဟင်းလျာတွေမှာပါ နေရာ ယူနေပါပြီ။ ရွှေပဲသီးတတောင့်မှာ ပျှမ်းမျှ ပဲသီးစေ့ ၇ စေ့ပါပြီး အစိမ်းရော၊ အကျက်ပါ နှစ်မျိုးလုံး စားနိုင်ပါတယ်။ ရွှေပဲသီးမှာ ဗီတာမင် အေ၊ စီ၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့လစ်အက်စစ်နဲ့ အဆီဓာတ် အနည်းငယ် ပါဝင်ပါတယ်။
ရွှေပဲသီးဟာ ကယ်လိုရီဓာတ် အနည်းဆုံး အမျိုးအစားထဲမှာ ပါပြီး တတောင့်ကို ၁ ကယ်လိုရီတောင် မရှိဘူးလို့ သိရပါတယ်။ ရွှေပဲသီးတောင့်ကို စားသုံးခြင်းကြောင့် ကယ်လိုရီပမာဏ နည်းလို့ ကိုယ်အလေးချိန် လျော့ချင်သူတွေအတွက်လည်း သင့်တော်သလို၊ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ ဝမ်းချုပ်ခြင်းတွေကို သက်သာစေပါတယ်။
ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အမျှင်ဓာတ်တွေက သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိ ပေးတာကြောင့် ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ် တားဆီးနိုင်ပါတယ်။ အမျှင်ဓာတ်ဆိုတာ ကာဗွန်ဟိုက်ဒရိတ် အမျိုးအစားဖြစ်ပြီး ဂလူးကို့စ်နဲ့ အင်ဆူလင်ပမာဏကို လိုအပ်သလို ထိန်းညှိပေးနိုင်ပါသေးတယ်။
အမျှင်ဓာတ်တွေရဲ့ နောက်ထပ် အကျိုးကျေးဇူးကတော့ အစာချေစနစ် ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်ပြီး အစာအိမ်ရောင်တာမျိုး မဖြစ်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ သံဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ် သတ္တုဓာတ်တွေက အရိုးအဆစ် သန်မာစေသလို အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင်စီကလည်း ကိုယ်ခံအားစနစ် ကောင်းစေတဲ့ သွေးဖြူဥ ဆဲလ်တွေ တိုးပွားလာအောင် လှုံ့ဆော်ပေးလို့ ပြင်ပမှ အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ မဝင်ရောက်စေပါဘူး။ အဲဒါတွေ အပြင် ကင်ဆာဆဲလ် မပျံ့နှံ့အောင်လည်း တားဆီးပေးပါတယ်။
ရွှေပဲသီးမှာပါတဲ့ ဗီတာမင် အေက အမြင်အာရုံ အားကောင်းစေပြီး ပိုတက်စီယမ်နဲ့ ဗီတာမင် စီကတော့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က အစာကြေလွယ်ပြီး ကိုယ်အလေးချိန် လျော့ချနေသူတွေ အတွက်ဆို ကယ်လိုရီပမာဏ နည်းလို့ များများစားနိုင်ပြီး ဝမ်းမချုပ်စေပါဘူး။
ရွှေပဲသီးကို အာဟာရဓာတ် အများဆုံး ရချင်တယ်ဆိုရင် ဆီနည်းနည် ကြော်စားပါ။ အလွယ်တကူ ချက်ပြုတ်နိုင်သလို အရသာရှိတဲ့ ဟင်းတခွက်လည်း ဖြစ်ပါတယ်။ ရွှေပဲသီးဟာ ဟင်းချက်တဲ့အခါ အမြန်နူးလွယ်လို့ အချိန်ယူချက် ပြုတ်စရာ မလိုဘဲ ရွှေပဲသီးကို ဒီအတိုင်း အစိမ်းစားလို့လည်း ရပါတယ်။
Ref: Organic Facts