ထိုင်းစတိုင် ပုစွန်အစိမ်းသုပ် သုပ်စားရအောင်
ရှုးရှုးရှဲရှဲနဲ့ ခံတွင်းမြိန်စေမယ့် ဟင်းတမယ် ချက်နည်း ပြောပြချင်ပါတယ်။ ပိတ်ရက်မှာ သူငယ်ချင်းတွေ စုံတုန်းပဲ လုပ်စားမလား၊ ဈေးထဲ လတ်လတ်ဆတ်ဆတ် ပုစွန်ရတဲ့အခါ မိသားစုအတွက်ပဲ ပြင်ဆင်ပေးမလား။ အကြိုက်တွေ့ကြမယ့် ဟင်းအမယ်ကတော့ ထိုင်းစတိုင် ပုစွန်အစိမ်းသုပ်ပါ။ တဇွန်းစားလိုက်တိုင်း ပါးစပ်ထဲ စွဲသွားစေမယ့် ပုစွန်အစိမ်းသုပ် လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့–
ပုစွန်
ဆလပ်ရွက်
ဂျင်း
ကြက်သွန်နီ
ငရုပ်သီးစိမ်း
စပါးလင်
ကြက်သွန်ဖြူ
သကြား
ငံပြာရည်
သံပုရာသီး
ငရုပ်ကောင်းမှုန့်
ကြက်သွန်မြိတ်
နံနံပင်
ပူစီနံတို့ လိုပါတယ်။
ပုစွန် အစိမ်းသုပ်ထဲ ထည့်မယ့် ပုစွန်တွေက လတ်ဆတ်ဖို့တော့ လိုပါတယ်။ အသုပ်မသုပ်ခင် ပုစွန်အစိမ်းတွေကို သန့်စင်ဆေးကြောထားပါ။ သန့်စင်ထားတဲ့ ပုစွန်တွေကို ကြောလယ်က နှစ်ခြမ်းခွဲပြီး ဆလပ်ရွက် ခင်းထားတဲ့ ပန်းကန်ပြားထဲ စီထားပါ။
ပန်းကန်းလုံး အသေးထဲမှာ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ စပါးလင်၊ ဂျင်း၊ ငံပြာရည်၊ သကြား၊ ငရုပ်ကောင်းနဲ့ သံပုရာရည် ညှစ်ထည့်ပါ။
အရသာကို စိတ်ကြိုက် ပြင်ဆင်ပြီးပြီဆိုရင် ပန်းကန်ပြားထဲ စီထားတဲ့ ပုစွန်ပေါ်ကို လောင်းချလိုက်ပါ။ အပေါ်ကနေ ကြက်သွန်မြိတ်၊ နံနံပင်နဲ့ ပူစီနံ ဖြူးပြီး အလှဆင် ပြင်ဆင်လိုက်ရင် ပြည့်စုံပါပြီ။
Ref: Genius Kitchen