ဂျပန်နိုင်ငံကို ကျော်ကြားစေတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ပင်လယ်တွေနဲ့ ပတ်ပတ်လည် ဝန်းရံနေတဲ့ ဂျပန်နိုင်ငံမှာ ပင်လယ်စာ စားစရာတွေ စုံလင်တာကလည်း ခရီးသွားတွေ အထူးနှစ်ခြိုက်စေတဲ့ အကြောင်းအရာတချက်ပါ။
ပင်လယ်စာကို ချက်ပြုတ် ပြင်ဆင်တဲ့နေရာမှာ မူလလက်ရာရော၊ ခေတ်သစ်စတိုင်ကိုပါ ပေါင်းစပ် ပြင်ဆင်ကြပါတယ်။ ဂျပန်လို့ဆိုလိုက်ရင် ဆူရှီကို လူသိများကြပေမယ့် တခြားရွေးချယ်စရာ ပင်လယ်စာတွေလည်းရှိပါတယ်။ ယခု ညွှန်းဆိုပေးမယ့် ပင်လယ်စာ ၁၀ မျိုးကတော့ ဂျပန်ရောက်ရင် မဖြစ်မနေ မြည်းစမ်းသင့်တဲ့ အစားအစာတွေပါ။
(၁) ဂျပန် ရေချိုငါးရှဉ့်
ဂျပန်ရဲ့ ရေချိုငါးရှဉ့်ကို ရှေးယခင်တည်း နှစ်ခြိုက်စွာ စားလာကြတာပါ။ ငါးရှဉ့်ကို အပိုင်းလိုက် အတုံးလေးတွေတုံး ကင်ထားတဲ့ အသားတွေကို ထမင်းပေါ်တင် နှမ်းစေ့နဲ့ ရေညှိတွေ ဖြူးထားတဲ့ ငါးရှဉ့်ကင်ကို စားဖူးသူတိုင်း အကြိုက်တွေ့ကြမှာပါ။ လတ်ဆတ်တဲ့ ငါးရှဉ့် အရသာကို စားလိုက်တိုင်း ခံစားမိစေသလို နွေရာသီမှာ အပူရှိန်ကြောင့် ပင်ပန်း နွမ်းနယ်မှုတွေကို ပြေပျောက်စေတယ်လို့ ဆိုပါတယ်။
(၂) သံပခြုပ်
နောက်တမျိုးကတော့ ပင်လယ်စာရောင်းတဲ့ ဆိုင်းတိုင်းလိုလိုမှာ အထူးသဖြင့် ဆူရှီဆိုင်တွေမှာ တွေ့နိုင်တဲ့ သံပခြုပ်ကလည်း ဂျပန်လူမျိုးတွေ အကြိုက်တွေ့တဲ့ အစားအစာ တမျိုးပါ။ ဒီအတိုင်း အစိမ်းစားလေ့ရှိပြီး ကုန်ခန်းသွားတဲ့ အားအင်တွေကို ပြန်လည် ပြည့်ဝစေတယ်လို့ ဆိုကြပါတယ်။ ဟိုကိုင်းဒိုး ဒေသကထွက်တဲ့ သံပခြုပ်က အကောင်းဆုံးနဲ့ အရသာ အရှိဆုံးပါတဲ့။
(၃) ရှီရှားမိုငါး
မြန်မာပြည်မှာတော့ “ဗိုက်ကြီးသည်ငါး” လို့ခေါ်ပြီး ဂျပန်လိုတော့ “ရှီရှားမို” လို့ အမည်ရတဲ့ ငါးကို ကင်တာဖြစ်ဖြစ်၊ ကြော်စားတာဖြစ်ဖြစ် စားကြပါတယ်။ တကိုက် ကိုက်လိုက်တာနဲ့ ဥတွေအများကြီး ပါလာတဲ့ ဒီအရသာကို မြည်းစမ်းကြည့်သင့်တဲ့ စာရင်းထဲ မဖြစ်မနေ ထည့်သင့်ပါတယ်။ ရှီရှားမိုငါးကြော်လေးနဲ့ တွဲဖက်အညီဆုံးကတော့ ဘီယာအေးအေး တခွက်ပါတဲ့။
(၄) တူနာငါး
နူးညံ့လွန်းတဲ့ တူနာငါးရဲ့အရသာကိုလည်း အနီးစပ်ဆုံးက ဆူရှီဆိုင်တွေဆီ အရောက် သွားပြီး မြည်းစမ်းသင့်တာပါ။ တူနာငါး အမျိုးအစားတွေထဲမှာ အသားများတဲ့ တူနာ၊ အဆီများတဲ့ တူနာ စသဖြင့် အမျိုးအစားအစုံအလင်ရှိပြီး ဆူရှီဆိုင်တွေမှာ အသားစိမ်း အဖြစ်ရော၊ ထမင်းလိပ်ပေါ် တင်ပြီးတော့ပါ စားကြတဲ့ လူကြိုက်အများဆုံး အသားလည်း ဖြစ်ပါတယ်။
(၅) ပြည်ကြီးငါးနဲ့ ရေဘဝဲ
ပိုတက်စီယမ်၊ ကယ်လ်စီယမ်ဓာတ်တွေပါတဲ့ ပြည်ကြီးငါးရယ်၊ ဗီတာမင်ဘီနဲ့ ပရိုတင်းဓာတ် ပေါကြွယ်ဝတဲ့ ရေဘဝဲကလည်း ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံး ပင်လယ်စာတွေပါ။ အခြောက်ခံထားတဲ့ ပြည်ကြီးငါးခြောက်တွေကို ဈေးဆိုင်တွေမှာ သရေစာအဖြစ် ဝယ်စားနိုင်သလို ရေဘဝဲကိုတော့ အစိမ်းရော၊ အကျက်ပါ ၂ မျိုးလုံး အစားများပါတယ်။
(၆) ယပ်တောင်ပုံ ခုံးကောင်
ယပ်တောင်ပုံ ခုံးကောင် (Scallop) တွေကလည်း ဂျပန်နိုင်ငံမှာ အတွေ့ရများတဲ့ ပင်လယ်စာပါ။ ကမ္ဘာတဝှမ်းမှာ ဒီခုံးကောင်ကို အမျိုးမျိုးချက်ပြုတ်ကြပေမယ့် ဂျပန်မှာတော့ အစိမ်းအဖြစ် အစားများကြပါတယ်။ အကင်ဆိုင်တွေမှာတော့ အသားကိုနွှင်ပြီး တုတ်နဲ့သီလို့ ကင်ထားတဲ့ အနံ့မွှေးမွှေးခုံးကင်တွေက သင့်ကိုဆွဲဆောင်စေပါတယ်။
(၇) ငါးပူတင်း
ငါးပူတင်းကတော့ အန္တရာယ်အများဆုံးအစားအစာလို့တောင် တင်စားချင်ပါတယ်။ ဓားသွားထက်က ပျားရည်လိုပဲ အစားမတော်ရင် သေဆုံးနိုင်တဲ့အထိ အဆိပ်ပြင်းတာပါ။ အရသာနူးညံ့လွန်းတဲ့ ငါးပူတင်းအသားလွှာစိမ်းကို ဂျပန်လူမျိုးတွေကတော့ ဂုဏ်ယူပြီး စားလေ့ရှိကြပါတယ်။
(၈) ဆယ်လ်မွန်ငါးဥ
လိမ္မော်ရောင် ဆယ်လ်မွန်ငါးဥတွေက အရသာမြည်းမစမ်းခင်ကတည်းကကို သင့်ကို ဆွဲဆောင်နေမှာပါ။ ဆူရှီလိပ်ထဲကို ထည့်လိပ်လေ့ရှိပြီး တခြားဈေးကြီးတဲ့ ငါးဥတွေလို မဟုတ်ဘဲ ဈေးနှုန်းလည်း သင့်တင့်ပါတယ်။ လတ်ဆတ်တဲ့ ဆယ်လ်မွန်ငါးဥရဲ့ အရသာက အငန် အရသာ နည်းနည်းရှိပြီး ဝါးလိုက်တိုင်း စိတ်ကျေနပ်စေမှာပါ။
(၉) Fish cake
“Fish cake” လို့ခေါ်တဲ့ အရသာအမျိုးမျိုးထည့်ထားတဲ့ ဒီအစားအစာကိုတော့ တကယ့် ငါးအသားကနေ လုပ်ထားလို့ အရသာကတော့ ထူးခြားပါတယ်။ အရောင်အမျိုးမျိုးရှိပြီး အရသာလည်း တခုနဲ့ တခုမတူပဲ ကွဲပြားပါတယ်။ ဒီအတိုင်းလည်း စားကြသလို အများစုကတော့ ဂျပန်ခေါက်ဆွဲပေါ်ကနေ အလှဆင်ကြပါတယ်။
(၁၀) ပုစွန်
ပုစွန်လို့ဆိုလိုက်ရင် ပင်လယ်စာထဲမှာ ထူးထူးခြားခြားမဟုတ်ဘူးလို့ ထင်ကြမှာပါ။ ဒါပေမယ့်လည်း ဂျပန်မှာတော့ ပုစွန်ကို မုန့်နှစ်နဲ့ ကပ်ပြီးကြော်ထားတဲ့ တန်ပူရာကြော်၊ ဆူရှီမှာ ထမင်းဆုပ်ပေါ်တင်ထားတဲ့ ပုစွန် စသဖြင့် အမျိုးအစားစုံစုံလင်လင် အသုံးပြုကြပါတယ်။ တကယ်လို့ ပုစွန်နဲ့ မတည့်တာမရှိဘူးဆိုရင် မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Ref; Japan Inside