ဒီတပတ်မှာတော့ အစားအသောက် ချက်ပြုတ် ဝါသနာပါသူတွေ အိမ်မှာပဲ အလွယ်တကူ ချက်ပြုတ်နိုင်မယ့် ထိုင်းစတိုင်ထမင်းကြော် နည်းကို ဝေမျှပေးချင်ပါတယ်။
“ခေါက်ဖတ်ကူးမ်” (Khao Pad Goong) လို့ ခေါ်တဲ့ ထိုင်းစတိုင် ပုစွန်ထမင်းကြော်က ထိုင်းနိုင်ငံရဲ့ လမ်းဘေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူစားသောက်နိုင်တဲ့ အစားအစာ တမျိုးပါ။ ကိုယ့်စိတ်ကြိုက် ကြက်၊ ဝက်နဲ့ ပုစွန်အပြင့် အခြား ပင်လယ်စာတွေကိုပါ အကြိုက် ထည့်နိုင်ပါသေးတယ်။
ထမင်းကြော်နဲ့ တွဲစားမယ့် အချဉ်ကလည်း အရသာကောင်းပြီး လိုက်ဖက်လွန်းလို့ ဘန်ကောက် ေရာက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာစာရင်းထဲမှာ ထည့်သွင်းခံထားရတာပါ။
ထိုင်းစတိုင် ပုစွန်ထမင်းကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —
ပုစွန် – ၁၀ ကောင်
ကြက်သွန်နီ – ၁ လုံး
မုန်ညင်းစိမ်း – အနည်းငယ်
ကြက်သွန်ဖြူ – ၂ မွှာ
ကြက်ဥ – ၁ လုံး
ကြက်သွန်မြိတ် – ၁ စီး
ပဲငံပြာရည် – စားပွဲတင်ဇွန်း တဝက်
ခရုဆီ – စားပွဲတင်ဇွန်း တဝက်
သကြား – အနည်းငယ်
ကြော်ရန် ဆီ တို့လိုအပ်ပါတယ်။ ဟင်းအမယ် အချိုးအစားတွေကတော့ တယောက်စာအတွက် ဖြစ်ပါတယ်။
အရင်ဆုံး ထမင်းကြော်ထဲ ထည့်မယ့် ပုစွန်တွေကို သေချာသန့်စင်ပြီး ဆေးကြောထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ကြက်သွန်နီကို အစိတ်လေးတွေ လှီးထားပါ။ ကြက်သွန်မြိတ်တွေကို အပိုင်းပိုင်းဖြတ်ထားသလို မုန်ညင်းစိမ်းကိုလည်း အရွယ်တော် လှီးဖြတ်ထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ဒယ်အိုးပြားတခုကို မီးဖိုပေါ်တင်ပါ။ ပူလာပြီဆိုရင် ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို မွှေးလာအောင် ဆီသတ်ပါ။ ခဏကြာရင် ပုစွန်ထည့်ပါ။ ပုစွန်တွေ ကွေးလာပြီး ပန်းရောင်သန်းလာရင် ထမင်းထည့်ကြော်ပါ။
အရသာအတွက် ပဲငံပြာရည်၊ ခရုဆီ၊ သကြား အနည်းငယ် ထည့်ပါ။ ပြီးရင် ကြက်ဥ ဖောက်ထည့်ပြီး သမအောင်မွှေပါ။ အားလုံးကျက်ခါနီးရင် မုန်ညင်းစိမ်းနဲ့ ကြက်သွန်မြိတ်ထည့်ပြီး မွှေပါ။ ကျက်ပြီ ဆိုရင် “ထိုင်းစတိုင် ပုစွန်ထမင်းကြော်” တပွဲရပါပြီ။
သူနဲ့တွဲဖက်စားမယ့် ဆော့စ်လုပ်ဖို့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ အစပ်ကြိုက်တဲ့ပေါ်မူတည်ပြီး အဆင်ပြေသလို ငရုတ်သီးစိမ်းကို ထည့်နိုင်ပါတယ်။ ယိုးဒယားငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ သံပုရာသီတခြမ်းတို့ကို ခွက်တခုထဲမှာ ရောမွှေလိုက်ရင် ထမင်းကြော်နဲ့ လိုက်ဖက်လွန်းတဲ့ ဆော့စ် ရပါပြီ။
Ref: Eating Thai Food