အသင့်စားအစားအစာလို့ ဆိုလိုက်ရင် နာမည်ကျော် McDonald’s ကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဟမ်ဘာဂါ နဲ့ အာလူးချောင်းကြော်ကြောင့် နာမည်ကျော်နေတဲ့ ဒီအသင့်စားဆိုင်မှာ နောက်ထပ်မီနူးအသစ်အဖြစ် ကန်စွန်းဥ ချောင်းကြော်ကို မိတ်ဆက်လိုက်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်မယ့် အသင့်စားစားသောက်ဆိုင်တွေဖြစ်အောင် လုပ်ဆောင်နေတဲ့ စီမံချက်မှာ McDonald’s ကလည်း သူ့ရဲ့နာမည်ကျော် အာလူးချောင်းကြော်နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အကြော် တမျိုးမျိုးနဲ့ အစားထိုးဖို့ အစီအစဉ်ရှိပါတယ်။ ဒါဟာ မီနူးအသစ်တွေကို ပုံမှန်ထက်ကယ်လိုရီပမာဏနည်းအောင် လျော့ချနေတဲ့ KFC ကို ပြိုင်ဆိုင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
အရင်ကလည်း စားသုံးသူတွေ အရသာအသစ်တွေခံစားနိုင်အောင် ဘာဂါတွေနဲ့ သုံးတဲ့ကြက်သားတွေကို အမျိုးမျိုးပြောင်းလဲ ပြင်ဆင်မွမ်းမံခဲ့ပေမယ့် ဆိုင်ရဲ့အမှတ်သင်္ကေတ အာလူးချောင်းကြော်ကတော့ မပြောင်းမလဲ အရင် အတိုင်းပါပဲ။
အခုချိန်မှာ ကမ္ဘာ့အနှံ့ ကန်စွန်းဥချောင်းကြော်တွေ ခေတ်စားလာတာနဲ့အမျှ McDonald’s မှာရော ဘာလို့မရနိုင်တာလဲ ဆိုတဲ့မေးခွန်းကို အဖြေပေးလိုက်ပါပြီ။ အားလုံးမျှော်လင့်စောင့်စားနေတဲ့ မီနူးအသစ် ကန်စွန်းဥချောင်းကြော် အခုပဲဆိုင်ပေါ် ရောက်ပါပြီ။
စားသုံးသူတွေ မျှော်လင့်နေတဲ့ ကန်စွန်းဥချောင်းကြော်တွေ McDonald’s ဆိုင်ခွဲတွေမှာ မှာယူစားသောက်နိုင်ပါပြီ။ ဒါပေမယ့်လည်း ဆိုင်ခွဲတိုင်းတော့ မဟုတ်သေးပါဘူး၊ လောလောဆယ် သတ်မှတ်ထားတဲ့ဆိုင်ခွဲအချို့မှာပဲ ရနိုင်ဦးမှာပါလို့ ဆိုပါတယ်။
ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာနေတဲ့ McDonald’s ချစ်သူတဦးကတော့ “အခုပဲ မီနူးအသစ် ကန်စွန်းဥချောင်းကြော် ကို မြည်းစမ်းလာတာ။ အရမ်းမိုက်တယ်” လို့ဆိုပါတယ်။ နောက်ထပ်တဦးကလည်း “McDonald’s ရဲ့ ကန်စွန်းဥ ချောင်းကြော် ဆွီဒင်မှာ ရပြီလို့သိလိုက်ရတည်းက ဒီအကြောင်းပဲစဉ်းစားရင်း မြည်းစမ်းကြည့်ဖို့ မစောင့်နိုင်အောင်ပဲ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထားပါတယ်။
ဆွီဒင်က McDonald’s ချစ်သူတွေ ကံကောင်းချက်ကတော့ ထွက်လာတဲ့မီနူးအသစ်ကို နေရာတိုင်းမှာ ဝယ်ယူ မြည်းစမ်းခွင့်ရနေတာပါပဲ။ McDonald’s ဆိုင်က အမြဲစားသုံးသူတွေရဲ့ အသံကိုနားထောင်ပြီး အကြိုက်ဆောင်ပေး တတ်တာကြောင့် နိုင်ငံတကာကလူတွေ အထူးနှစ်သက်စွာ အားပေးနေကြတာ မဆန်းပါဘူး။ အခုလည်း ကန်စွန်းဥ ချောင်းကြော်လို့ တယောက်ကတောင်းဆိုလိုက်တာနဲ့ မီနူးအသစ် ဖန်တီးပေးလိုက်ပြန်ပြီလို့ ဆိုပါတယ်။
Ref: Joyscribe