ဒီတပတ်မှာတော့ ခံတွင်းပျက်နေသူတွေ သဘောကျသွားစေမယ့် ဆိုင်လေးတဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သူကတော့ Seoul Myanmar ပါ။ ဆိုင်နာမည်ကြားလိုက်တာနဲ့ ကိုရီးယားအစားအသောက်တွေရမယ်ဆိုတာ သိကြမှာပါ။ အခုလောလောဆယ်တော့ မင်္ဂလာတောင်ညွန့်နဲ့ သင်္ကန်းကျွန်းမှာပဲဆိုင်ရှိသေးတယ်လို့သိရပါတယ်။ ကဲ… ဒါဆိုရင် ဆိုင်အကြောင်းစပြောပြပါမယ်။
ဆိုင်လေးက မထင်ထားလောက်အောင်ဘဲ ရှင်းရှင်းလင်းလင်းနဲ့ သပ်သပ်ရပ်ရပ်လေးရှိပါတယ်။ ညနေဘက်ဆို လာစားတဲ့ လူတွေအများကြီးရှိပြီး အဓိကက သူငယ်ချင်းအုပ်စုတွေ၊ ချစ်သူစုံတွဲတွေ လာတာကိုတွေ့ရပါတယ်။ စာရေးသူတို့ သွားစား တာကတော့ မင်္ဂလာတောင်ညွှန့်ကဆိုင်မှာပါ။ ဝန်ထမ်းတွေလည်း ဖော်ရွေသလို သိချင်တာတွေ၊ မေးချင်တာတွေကို စိတ်ရှည်ရှည်နဲ့ ဖြေပေးပါတယ်။
ဒီဆိုင်ရဲ့ အဓိကနာမည်ကြီးတာက ကိုရီးယားခေါက်ဆွဲဖြစ်ပြီး သူ့မှာ အစပ်အရသာက အဆင့် ၇ ဆင့် အထိရှိပါတယ်။ အစပ်မစားနိုင်သူတွေက ဝ.၅ ကနေ ၁ စားလို့ရပါတယ်။ စာရေးသူက အစပ်စားတာ အလယ်အလတ် သမား ဖြစ်တာကြောင့် အဆင့် ၃ တပွဲ မှာစားကြည့်ပါတယ်။ သူ့မှာ ငါးခေါက်ဆွဲ၊ ကြက်သားခေါက်ဆွဲ၊ အမဲသားခေါက်ဆွဲ၊ ဝက်နံရိုးခေါက်ဆွဲ၊ ရေဘဝဲခေါက်ဆွဲ၊ အမယ်စုံခေါက်ဆွဲဆိုပြီး ကိုယ်ကြိုက်နှစ်သက်ရာအသားနဲ့ ရွေးချယ်စားသုံးနိုင်ပါတယ်။
ပုစွန်၊ ကင်းမွန်၊ အမဲသားအစုံပါပြီး အရည်က စသောက်ခါစမှာ ချိုတဲ့အရသာရပြီး အစပ်ကိုပါခံစားရပါတယ်။ ခံတွင်း ပျက်နေတာတောင် ပျောက်သွားသလိုပါပဲ။ အမဲသားကတော့ နည်းနည်းလေးမာပါတယ်။ အသားကိုတို့စားဖို့ အချဉ်ရည် သပ်သပ်ပေးထားပေမယ့် အနည်းငယ် ငန်ပါတယ်။ ခေါက်ဆွဲသားက နူးအိပြီး အရည်ကလည်း သောက်လို့ကောင်းပေမယ့် တဝက်လောက်မှာတော့ စပြီးချွေးတွေထွက်လာပါတယ်။
ပြီးရင်တော့ အစပ်ပြေ Takoyaky လေးမြည်းစမ်းကြည့်တဲ့အခါ ဆိမ့်ဆိမ့်လေးနဲ့အရသာရှိပါတယ်။ အထဲမှာရေဘဝဲ အသားလေးတွေကို လုံးထားပြီး Mayonnaise လေးနဲ့ ရောထားတာကြောင့် အီစိမ့်စိမ့်လေးပါပဲ။ ဈေးကလည်း ၂၅၀၀ကျပ်ပဲပေးရတာကြောင့် တန်ပါတယ်။ ဒါ့အပြင် ကိုရီးယားထမင်းလိပ်နဲ့ ဖျော်ရည်တွေလည်း ရပါသေးတယ်။ သွားမစားနိုင်တဲ့သူတွေကတော့ အိမ်ထိမှာစားလို့ရတယ်လို့ သိရပါတယ်။
Seoul Myanmar ရဲ့ ဆိုင်လိပ်စာကတော့ အမှတ် ၂၀-၂၂၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ပါ။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၉ နာရီကနေ ည ၉ နာရီခွဲအထိပါ။